အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ တော်လှန်ရေးအင်အားစုတွေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင် တချို့ ပျက်စီးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ သတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဧပြီ ၂၀ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ကော့ကရိတ်မြို့နဲ့ ကျုံးဒိုးမြို့နယ်အကြား အာရှလမ်းမဘေးတစ်လျှောက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၄ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက် တိုက်လုပ်နေတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး BBC သတင်းဌာနမှာ ဖော်ပြထားတာကတော့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်တာကြောင့် ဧပြီ ၁၅ ရက်နေ့မှာ ကျုံဒိုးမြို့ ကမ်းနီစံပြကျေးရွာက ၆ ဦး၊ ဧပြီ ၁၆ ရက်နေ့မှာ နွားခြံကုန်းရွာက ၇ ဦး၊ ကော့ကရိတ်မြို့နယ် မြောက်ကမ္မရိုက်ရွာက ကိုယ်ဝန်ဆောင်တစ်ဦး၊ ဧပြီ ၁၈ ရက်မှာ ကော့ကရိတ်မြို့နယ် သလွဲထော်ရွာက ၁ ဦး စုစုပေါင်း ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကော့ကရိတ်မြို့ခံပြည်သူတစ်ထောင်ကျော်ကိုလည်း ဓားစာခံအဖြစ် ထိန်းထားပြီး မြို့ပြင်သို့ ထွက်ခွင့်မပေးကြောင်း လူထုနွေဦးမှာ ဖော်ပြထားပါတယ်။

KNU ထုတ်ပြန်ချက်လင့်

https://shorturl.at/2Gx7I

bbcသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/oeN9O

လူထုနွေဉီးသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/EFzVO

DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/7E19K

ကော့ကရိတ်မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော်က ပြည်သူတွေ ထွက်ခွာခွင့်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ထွက်ခွာခွင့် မပေးဘူးလို့ လွတ်လပ်သောသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒေသတွင်းမီဒီယာတွေကလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.