သရက်ချောင်း၊ ဧပြီလ ၁၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေးအဖိုး နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီကနေ့ ဧပြီ ၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးနဲ့ ရငဲကျေးရွာကို ဗုံး နှစ်လုံး လာရောက်ကြဲချသွားခဲ့တာပါ။

“ရငဲမှာက တိုက်ပွဲမရှိဘူး။ သီးသန့်ကြီး ဗုံးလာကြဲသွားတာ။ တိုက်ပွဲဖြစ်နေတဲ့ ဝင်းဝရွာအနားနဲ့ဆို မိုင်အားဖြင့် အများကြီးဝေးတယ်။ အခုတော့ရွာခံတွေကကြောက်လို့ ရှောင်တဲ့သူက ရှောင်နေကြပြီ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗုံးကြဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေး တစ်ဦးနဲ့အဖိုးဖြစ်သူ အသက် ၆၀ ကျော်အရွယ် အမျိုးသားတို့ နေရာမှာပင် သေဆုံးသွားပြီး အသက် ၂၀ ကနေ ၅၀ ကြား အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။
လေကြောင်းကနေ ဗုံးကြဲပြီးတာတောင် တိုက်လေယာဉ်က ထွက်ခွာသွားတာမရှိဘဲ ကျေးရွာတွေအပေါ် ပတ်ပျံနေပြီး ကင်းထောက်နေလို့ သိမ်ကုန်း၊ ဝဲရစ်၊ ရငဲ၊ ကနက်သီရိကျေးရွာတွေက ဒေသခံတွေဟာ ရေကြောင်း၊ ကုန်းကြောင်းနဲ့ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကစပြီး ဝင်းဝနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်နေပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဝင်းဝရွာနဲ့လေကြောင်းဗုံးကြဲခဲ့တဲ့ ရငဲကျေးရွာဟာ မိုင်ပေါင်း ၃၀ ထက်မနည်းဝေးကွာတယ်လို့လည်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ