မြဝတီ၊ ဧပြီ ၁၉

ကရင်ပြည်နယ် မြ၀တီမြို့နယ် ထိုင်းနယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ မော်ဖားသူစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံရပြီး စစ်ရေး အခြေအနေကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် ထိုင်းဘက်ခြမ်းကို ရောက်ရှိခိုလှုံလာခဲ့ကာ ထိုင်းစစ်တပ်က စောင့်ရှောက်ကူညီထားပေးတယ်လို့ ထိုင်းစစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ အထက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ မော်ဖားသူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၁၈ ရက်နေ့ကစပြီး စတင်တိုက်ခိုက်ခဲ့တာလို့ နယ်ခံတွေက ဆိုပါတယ်။

ဧပြီ ၁၉ ရက်နေ့မှာလည်း မော်ဖားသူးတပ်စခန်းကို KNLA တပ်မဟာ ၇ ပူးပေါင်းအဖွဲ့က ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့ပြီး တိုက်ပွဲကြောင့် မော်ဖားသူးစခန်း အနီးအနား ကျေးရွာတွေက အရပ်သား ၂၁၅ ဦးဟာ ထိုင်းနိုင်ငံ တာ့ခရိုင် မဲလမတ်မြို့နယ်ထဲကို ရောက်ရှိလာတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရောက်ရှိလာတဲ့ ကရင်ဒေသခံရွာသား ၂၁၅ ဦးကို ထိုင်းစစ်တပ်ဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့တွေက အစားအစာတွေကို ပေးအပ်ပြီး စစ်ဘေးရှောင်တွေကို နေရာချထားပေးသလို နယ်စပ်အနီး ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားတယ်လို့ ထိုင်းသတင်းတွေက ဆိုထားပါတယ်။

KNU တပ်မဟာ ၇ နယ်မြေထဲမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ထိုင်းနယ်စပ်နားက ပူးလူးတူစခန်း ခလယ့်ဒေးစခန်းတို့ကို KNLA KNDO ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများစွာလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်အတွင်းက တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို KNLA KNDO ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောမှာ စစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.