နေပြည်တော် ၊ ဧပြီ ၁၃

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လာမယ့်သင်္ကြန်ကာလနဲ့အလွန်မှာ မြို့တွေထပ်မံလက်မလွှတ်ခံရရေးအတွက် ခံစစ်လောက်ကိုပဲ အဓိကလုပ်ရမယ့် အနေအထားဖြစ်နေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

မတ် ၂၈ ရက်နေ့မှာ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင် အားပြင်း ငလျင်ဟာ နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတချို့ရှိ အဆောက်အဦတွေကို ပြိုကျပျက်စီးစေခဲ့ပါတယ်။

ဒီအတွက် စစ်ကောင်စီရဲ့ စစ်ရေးဆိုင်ရာဌာနချုပ်တွေ ထိခိုက်ခဲ့မှုအပေါ် ပြန်လည်ပတ်ဖို့ အချိန်ယူ ပြင်ဆင်ရမှာရှိတဲ့အပြင် ဗုံးထုတ်လုပ်တဲ့ ကပစစက်ရုံတချို့လည်း ထိခိုက်ခဲ့ရတာတွေကြောင့်လို့ CDM လေတပ် တပ်ကြပ်ကြီးဇေယျက ပြောပါတယ်။

“သူတို့ အဓိကရည်ရွယ်ထားတာ ပွင့်လင်းရာသီမကုန်မှာ သူတို့အသေချာလေး အခုနကျွန်တော်ပြောတဲ့ လားရှိုးဘက်တွေ ရှမ်းမြောက်ရယ် ကရင်နီရယ် ဒီဘက်တွေကို သူတို့သေချာပြန်လုပ်ဖို့ ရည်ရွယ်တဲ့ကိစ္စတွေရှိတယ်။ ဒါပေမယ့် အခုအချိန် လက်ရှိအခြေအနေကတော့ သူတို့ဘက်က ထိုးစစ်ဆင်ဖို့ ဆိုတာထက် နေပြည်တော်မှာ သူတို့ဒုက္ခရောက်နေချိန်မှာ ဒီဘက်က (တော်လှန်ရေးအဖွဲ့တွေ) တိုက် စစ်ဆင်မလာနိုင်အောင် မြို့တွေကို ထပ်အသိမ်းမခံရအောင် ခံစစ်ကိုပဲ သူတို့အဓိကလုပ်နိုင်တော့မယ့် အနေအထား ဖြစ်သွားတာပေါ့။ အဲဒီလိုပဲလုပ်ဖို့များပါတယ်။ သူတို့အစက ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုတာ ကြိတ်ကြံထားတာတော့ ရှိပါတယ်။ ဒါတွေကတော့ လုံးဝ မဖြစ်နိုင်လောက်တဲ့ အနေအထား ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ကပစစက်ရုံတွေကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းတချို့လည်း ဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုမယ့် ဗုံးတွေထုတ်လုပ်နိုင်ရေး အခက်အခဲ ရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ငလျင်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့လုပ်နိုင်ဖို့ရည်ရွယ်ပြီး ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာ လအဖြစ် ကြေညာထားတာပါ။

ဒါပေမယ့် မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် တော်လှန်ရေးအဖွဲ့ တချို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာလည်း ရှိနေပြန်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းကလည်း ယိုယွင်းချိနဲ့နေတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ်ဟာ တော်လှန်ရေးဒေသတွေဆီ မြေပြင်ထိုးစစ်တွေလုပ်ဖို့ အလားအလာမရှိဘူးလို့ သုံးသပ်ပါတယ်။

“အကြီးအကျယ် ယိုယွင်းချိနဲ့နေတဲ့ စစ်‌ကောင်စီရဲ့ ကြည်းတပ်အင်အားနဲ့ ကြည်းတပ်ရဲ့ တိုက်ရည်ခိုက်ရည်တွေကြောင့် စစ်ကောင်စီကို ခြိမ်းခြောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအ ပါအဝင် တော်လှန်ရေးဒေသတွေဆီ မြေပြင်ထိုးစစ်တွေ ပြင်းပြင်းထန်ထန် ပြုလုပ်နိုင်ဖို့ အလားအလာ သိပ်မရှိဘူး။ မိုးတွင်းကာလ မဆိုနဲ့ဦး ပွင့်လင်းရာသီမှာတောင် စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ်တွေ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။ မြေပြင်စစ်ကူအင်အားတွေလည်း ထိထိရောက်ရောက် မပို့နိုင်ခဲ့ဘူး” လို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီအနေနဲ့ တရုတ်၊ ရုရှားကနေ ရယူခဲ့တဲ့ ဒရုန်းနည်းပညာတွေ ခေတ်မီဒရုန်းလက်နက်တွေကို အားကိုးပြီး ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြီးလုပ်လာမယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း စစ်ဆင်ရေးတွေကလည်း မိုးတွင်းကာလရောက်ရင်တော့ ဒရုန်းနဲ့ စက်တပ်လေထီးတွေ သုံးလို့ရမှာမဟုတ်သလို လေယာဉ်ကနေ ဗုံးကြဲမှုကလည်း အကန့်အသတ်ဖြစ်လာမယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

မကြာခင်လပိုင်းအတွင်းမှာ မုတ်သုန်မိုးတွေ ဝင်ရောက်တော့မှာဖြစ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က နယ်မြေစိုးမိုးမှုရှိနိုင်ပြီး ပွင့်လင်းရာသီရောက်မှသာ စစ်ကောင်စီက ကြီးမားတဲ့ ထိုးစစ်တွေ ပြန်လုပ်နိုင်မယ့်အနေအထားလို့ CDM တပ်ကြပ်ကြီး ဇေယျက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာမှာ ကျင်း ပဖို့လျာထားတဲ့အတွက် စိုးမိုးနယ်မြေတွေ ထပ်မဆုံးရှုံးဖို့နဲ့ တည်ငြိမ်ရေးအတွက် စစ်ရေးအရ ပြင် ဆင်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းရှိ အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တဲ့အတွက် စစ်ကောင်စီအနေနဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အ ခြေပြုရာမြို့ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.