ရေဖြူ၊ ဧပြီ ၁၂
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် ခလရ ၄၀၇ မှ စစ်ကောင်စီတပ်သား လင်မယား ၂ ဦး PDF အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ဧပြီ ၁၁ ရက်နေ့မှာ Dove Guerrilla Force က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၀ ရက်နေ့မှာ ခလရ ၄၀၇ မှ တပ်သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ရဲမင်းခန့်နဲ့ဇနီးဖြစ်သူတို့ဟာ တပ်ကနေ ထွက်ပြေးလာပြီး ဧပြီ ၁၁ ရက်နေ့မှာ Dove Guerrilla Force အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး ကူညီကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“သူတို့က တပ်ပြင်ထွက်မရဘူး။ အဲဒီနေ့က သူတို့လင်မယားက အဝတ်ထည်တွေ သွားယူမယ်ဆိုပြီး တပ်ပြင်ထွက်လာရာကနေ တခါတည်းထွက်ပြေးလာတာ။ ကျနော်တို့ အထောက်တစ်ယောက်နဲ့တွေ့ပြီးမှ ကယ်ထုတ်လာရတာ” လို့ Dove Guerrilla Force ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဟာ တပ်တွင်းမှာ အရာရှိတွေက တခြား အဆင့်ရဲဘော်တွေအပေါ် မတရားဖိနှိပ်ခိုင်းစေတာ၊ လစာနဲ့မလုံလောက်လို့ စားဝတ်နေရေးကြပ်တည်းတာ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေကို လက်မခံနိုင်တာကြောင့် ထွက်ပြေးလာတာလို့ဆိုပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လင်မယားဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတာဖြစ်ပြီး အဝတ်အစား၊ စစ်လက်နက်အသုံးအဆောင်တွေကိုလည်း မယူလာနိုင်ခဲ့ဘူးလို့ သိရပါတယ်။
လတ်တလောမှာ ထွက်ပြေးလာတဲ့ လင်မယား နှစ်ဦးကို Dove Guerrilla Force အဖွဲ့က စောင့်ရှောက်ပေးထားပြီး စားဝတ်နေရေး စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ တပ်တွင်းအရာရှိတွေရဲ့ ဖိနှိပ်မှု၊ ပြည်သူ လက်မခံတဲ့ စစ်တပ်အတွင်း နေထိုင်မှုမပြုကြဘဲ ပြည်သူလက်ခံတဲ့ တော်လှန်ရေးအဖွဲ့တွေထံကို အမြန်ဆုံးလက်နက်ချအလင်းဝင်ခြင်းဖြင့် ပြည်သူမေတ္တာကို ခံယူကြဖို့ တိုက်တွန်းထားပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Dove Guerrilla Force