မော်လမြိုင် ဧပြီ ၁၂

မွန်ပြည်နယ်အတွင်းရှိ CDM ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေ‌ရေး ရည်ရွယ်ချက်နဲ့ မွန်ပြည်နယ် ကျန်းမာရေးကောင်စီ MSHC ကို ဖွဲ့စည်းကြောင်း ဧပြီ ၁၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

MSHC ကို ကျန်းမာရေးဌာန အသီးသီးက ဝန်ထမ်းတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုယ်စားပြုအလွှာ ၅ ခုကို ပေါင်းစည်းပြီး မတ် ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ကျန်းမားရေးအလွှာ ကိုယ်စားပြုတွေထဲမှာ ဆရာဝန်၊ သူနာပြုနဲ့ သားဖွား၊ ကျန်းမာရေးမှူးနဲ့ ကျန်းမာရေးကြီးကြပ်၊ ဆေးဘက်‌ဆိုင်ရာ နည်းပညာရှင်၊ တိုင်းရင်းဆေးပညာရှင် စတဲ့အလွှာတွေ ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

MSHC ကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရာမှာ မွန်ပြည်နယ် ကျန်းမာရေးကောင်စီအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းရှိ ပြည်သူအားလုံး လက်လှမ်းမီနိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်ပေးဖို့နဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာမူဝါဒ ပေါ်ထွက်လာရေးအတွက် မိတ်ဖက် ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားဖို့ပါ။

ဒါ့အပြင် မွန်ပြည်နယ်အတွက် အရည်အသွေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်တွေနဲ့ MSHC ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

MSHC အနေနဲ့လည်း အခြား ပြည်နယ်နဲ့တိုင်းတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို သီးခြားစုဖွဲ့ကိုယ်စားပြုတဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ထွက်လာရေးကို အားပေးပြီး ဘုံရည်မှန်းချက်တူတဲ့ အဖွဲ့တွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.