ဘားအံ ဧပြီ ၁၃
ကရင်ပြည်နယ် ဘားအံမြို့မှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ကို မကျင်းပဖြစ်တော့ပေမယ့် ချစ်သူလမ်းကြားနေရာမှာတော့ လမ်းလျှောက်သင်္ကြန်ကို ဆက်လက်ကျင်းပပြုလုပ်သွားမယ်လို့ ဘားအံဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုနှစ် မဟာသင်္ကြန်ပွဲတော်စည်ကားစေဖို့ ကရင်ပြည်နယ် စစ်ကောင်စီအဖွဲ့က ဘားအံမြို့ ကမ်းနားလမ်း ညဈေးတန်းအနားရှိ သဲသောင်ပြင်ပေါ်မှာ နန်းဖော့အွာလို့ အမည်ရတဲ့ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို ၁ လကြာကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် မတ်လကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ မြေငလျင်ဘေး ဒဏ်ကြောင့် ဖျက်သိမ်းပစ်ခဲ့ရပါတယ်။
အခုလို မြေငလျင်ဘေးဒဏ်သင့်နေချိန် သဲသောင်ပြင်သင်္ကြန်ကျင်းပပြုလုပ်မှာကို ဝေဖန်ပြောဆိုမှုတွေ များနေခဲ့ပြီးတဲ့နောက် ပြည်နယ်စစ်ကောင်စီအဖွဲ့ဟာ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အပြင် ကမ်းနားလမ်းမှာ ဆောက်လုပ်နေဆဲ ဌာနဆိုင်ရာမဏ္ဍပ် တချို့နဲ့သီရိကွင်းမှာ ဆောက်လုပ်ခဲ့တဲ့ ဗဟိုမဏ္ဍပ်တွေကိုပါ ပြန်လည်ဖျက်ပစ်သွားခဲ့တယ်လို့ ဘားအံသတင်းရင်းမြစ်တွေက ပြောပါတယ်။
လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဘားအံမြို့ အမှတ် ၄ ရပ်ကွက် ကန်သာယာနားက ချစ်သူလမ်း ကြားနေရာမှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က ကျင်းပပြုလုပ်မှာဖြစ်ပြီး သင်္ကြန်ပွဲကျင်းပဖို့အတွက် လက်ရှိမှာ အဲဒီချစ်သူလမ်းကြားကို ပြည်နယ်စစ်ကောင်စီအဖွဲ့က လမ်းပိတ်ထားပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လမ်းလျှောက်သင်္ကြန်မှာ စတုဒိသာကျွေးမွေးတာတွေလည်း ပါဝင်တယ်လို့ ကြားသိရကြောင်း ဒေသ ခံတွေက ပြောပါတယ်။
သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပပြုလုပ်ဖို့ ကရင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဟာ ပြီးခဲ့တဲ့မတ် လမှာ ရပ်ကွက်ထဲမှာ နေအိမ်တစ်အိမ်ကို ငွေကျပ် ၅၀၀၀ ကောက်ခံပြီးစီးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်ကို ပြည်နယ်စစ်ကောင်စီအဖွဲ့က ဘားအံမြို့ ကမ်းနားလမ်းတလျှောက်မှာ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်တွေပါတဲ့ ရေကစားမဏ္ဍပ်တွေနဲ့ စတုဒိသာမဏ္ဍပ်တွေကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး လာရောက်လည်ပတ်ရေကစားသူ အထိုက်အ လျောက်သာ ရှိနေခဲ့တာဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာတော့ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပပြုလုပ်ပေမယ့် မြေငလျင်ဘေး ဒဏ်အပြင် တပြည်နယ်လုံးနီးပါးမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုတွေ၊ လူငယ်တွေအပေါ် ပစ် မှတ်ထားပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေလည်း ရှိနေခဲ့တာကြောင့် ဒေသခံအများစုဟာ အခုနှစ်သင်္ကြန်ပွဲကို သွားရောက်မလည်ပတ်ဘဲ ရိုးရာဓလေ့အတိုင်းသာ သင်္ကြန်ပွဲကို ဖြတ်သန်းသွားမယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI