မော်လမြိုင်၊ ဧပြီလ ၁၃

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ သံလွင်မြစ်ကမ်းဘေးမှာ အမျိုးသမီးငယ် ၃ ဦး မိုင်းထိဒဏ်ရာရခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်နေ အသက် ၁၂ နှစ်အရွယ် မဇင်မြတ်နိုး၊ အသက် ၁၇ နှစ်အရွယ် မကြယ်စင်လင်းသန့် ၊ အသက် ၁၂ နှစ်အရွယ် မစင်သီတာသိမ့်တို့ ၃ ဦးဟာ ရပ်ကွက်အနီးရှိ သံလွင်မြစ်ကမ်းဘေးမှာ ရေကူးဖို့သွားရောက်ချိန် မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

မိုင်းပေါက်တဲ့နေရာက လူသွားလူလာများတဲ့နေရာဖြစ်ပြီး မဇင်မြတ်နိုးက မိုင်းနင်းမိခဲ့တာဖြစ် ကြောင်း၊ အတူတူသွားတဲ့ နောက်မိန်းကလေး နှစ်ယောက်လည်း မိုင်းထိသွားပြီး မိုင်းနင်းမိတဲ့ မဇင်မြတ်နိုးက ဒဏ်ရာပိုများကြောင်း ဒေသလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိလို့ အမျိုးသမီးငယ် ၃ ဦးဟာ ခြေထောက်နဲ့လက်တွေမှာ မိုင်းစမှန်ဒဏ်ရာရသွားပြီး မိုင်းနင်းမိတဲ့မိန်းကလေးငယ်က ခြေထောက်ဖြတ်ရမယ့် အခြေအနေမှာရှိနေလို့ ဘားအံ မြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရပြီး ဆေးကုသနေရပါတယ်။

ဖာပွန်မြို့အနီးမှာ စစ်ကောင်စီဘက်ကကော KNLA ပူးပေါင်းတပ်တွေဘက်ကပါ စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့် ဘယ်အဖွဲ့ဘက်က ထောင်ထားတဲ့မိုင်းဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။

လူသွားလူလာများတဲ့နေရာမှာ အခုလို ကလေးငယ်တွေ မိုင်းထိခဲ့တာကြောင့် မြို့ အနီးအနားဝန်း ကျင်တွေကိုတောင် ဒေသခံတွေသွားလာဖို့ ကြောက်ရွံနေကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.