မော်လမြိုင်၊ ဧပြီ ၁၂
မြန်မာစစ်ကောင်စီက ဒီနှစ်အတွင်းမှာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ နေရာအနှံ့ဖြစ် ပွားနေပြီး လူမှုအသိုင်းအဝိုင်းတွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကျူးလွန်ဖို့အတွက်အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်နေသူတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် အ နည်းဆုံး လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာ ဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေချိန် စစ်ကောင်စီဟာ မန္တလေး၊ စစ်ကိုင်းနဲ့ အခြားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။
ပြည်သူတွေက ဒီတိုက်ခိုက်မှုတွေရဲ့ဒဏ်ကို သွယ်ဝိုက်စွာခံစားရတာ မဟုတ်ဘဲ၊ အများအားဖြင့် ပစ်မှတ်ထားပြီး တိုက်ခိုက်တာကိုခံနေရသလို ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေ၊ ဖျော်ဖြေပွဲတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေအပြင် ဂီတဖျော်ဖြေပွဲလိုမျိုး လူစုလူဝေးတွေမှာ ဗုံးကြဲခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး အဓိကတာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
IIMM အနေနဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကို အကြိမ်များစွာ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုံ့ပြန်တာမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AFP