မော်လမြိုင်၊ ဧပြီ ၁၂

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ လှုတ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ စစ်ကောင်စီက အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် စစ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး (OHCHR) က ဧပြီ ၁၁ နေ့မှာပြောကြားလိုက်ပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိစေဖို့တစ်ခုတည်းကို အာရုံစိုက်ထားချိန် စစ်ကောင်စီက တိုက်ခိုက်မှုတွေ လုပ်ဆောင်‌နေတယ်လို့ ပြော ရေးဆိုခွင့်ရှိသူ Ravini Shamdasani က ဆိုပါတယ်။

မတ် ၂၈ ရက်က သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက်ပိုင်း စစ်ကောင်စီဟာ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး ထက်ဝက်ကျော်ဟာ ဧပြီလ ၂ ရက်နေ့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပြီးနောက် ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားတာပါ။

တိုက်ခိုက်မှုအများစုဟာ မြေငလျင်လှုပ်ခတ်တဲ့ နေရာတွေအပါအဝင် လူနေထူထပ်တဲ့ နေရာတွေကိုလေကြောင်းနဲ့ လက်နက်ကြီးတွေဖြင့် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်နေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့အတွက် အတားအဆီးမှန်သမျှ ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးတွေ အားလုံးရပ်တန့်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကူးကာလဟာ တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်တဲ့အတွက် အ ကူအညီ လိုအပ်နေသူအားလုံးကို ကူညီနိုင်ဖို့ တောင်းဆိုကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝပေးဖို့ OHCHR က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာဥပဒေအရ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေဆီ ရောက်ရှိရေးဟာ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ကုလမဟာမင်းကြီးက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – UNICEF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.