အကျဉ်းချုပ်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အရင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ရာထူးဆက်ခံရေးဗျူဟာကို ထင်ဟပ်စေတဲ့ အဓိကနေရာက စစ်ဘက်ရာထူးတွေကို ပြောင်းလဲခဲ့ပါတယ်။ အရာရှိငယ်တွေကို ရာထူးတိုးမြှင့်တာနဲ့ အကြီးတန်းတပ်မှူးတွေကို ဘေးဖယ်ထားလိုက်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့နေရာကို ဆက်ခံမယ့်သူအတွက် နေရာပြင်ဆင်နေခဲ့ပုံပေါ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတူတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိမှာ မကြုံစဖူး စစ်ရေးရှုံးနိမ့်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ အငြင်းပွားမှုတွေ၊ ကြီးထွားလာတဲ့ စစ်ရေးခုခံမှုတွေ၊ ချောမွေ့တဲ့ အသွင်ကူးပြောင်းရေး ထိန်းချုပ်နိုင်မှုအပေါ်က အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင်ဟာ စစ်တပ်နဲ့ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လုပ်ဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းက စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးလောကကနေ မနုတ် ထွက်မီလုပ်ဆောင်ခဲ့တာတွေနဲ့ အလားတူ လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဲဒီလို ပြန်လည်ဖွဲ့စည်းမှုကြောင့် စစ်ခေါင်းဆောင်ဟာ သူ့အရင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း) လိုပဲ နိုင်ငံရေးလောကနေ ထွက်ခွာဖို့ ပြင်ဆင်နေသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

ငယ်ရွယ်တဲ့အရာရှိတွေကို အရေးပါတဲ့ စစ်ဘက်ရာထူးတွေ တိုးမြှင့်ပေးတာနဲ့ အာဏာသိမ်း အုပ်ချုပ်ရေးအစိုးရအဖွဲ့အတွင်း အကြီးတန်းအရာရှိတွေကို ပြန်လည်ခန့်ထားလိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလုပ်ခဲ့တဲ့ ဆက်ခံရေးဗျူဟာကို ထင်ဟပ်စေခဲ့ပါတယ်။ ဒါပေမယ့် မကြံစဖူး စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ ဒီမိုကရေစီအတိုက်အခံတွေရဲ့ အင်အားကြီးထွားလာမှုတွေကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ချမှတ်ပြဌာန်းထားတဲ့ အသွင်ကူးပြောင်းရေးအတွက် အဆုံးအဖြတ် ပေးနိုင်မယ့် အနေအထားမှာ မရှိဘူးလို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ သူနဲ့ သူ့ရဲ့လက်ထောက် (တပ်ချုပ်နဲ့ ဒုတပ်ချုပ်) ရာထူးနေရာမှာ ဆက်ခံဖို့ ငယ်ရွယ်တဲ့ အရာရှိနှစ်ယောက်ကို ရွေးချယ်ပြီး သူ့ရဲ့ထွက်ပေါက်ကို ဂရုတစိုက် ကြိုးကိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးပိုင်းနဲ့ နိုင်ငံရေး အတွေ့အကြုံရှိ အရာရှိတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ်အဖြစ်လည်းကောင်း၊ သဘောထားတင်းမာတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဒုကာကွယ်ရေး ဦးစီးချုပ်အဖြစ်လည်းကောင်း ရွေးချယ်ခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးကာလမတိုင်မီကာလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၁၉၉၂ ခုနှစ်မှာ ဩဇာကြီးမားတဲ့ တိုင်းမှူးတွေကို ဝန်ကြီးနေရာတွေမှာ ပြန်လည်ခန့်ထားခဲ့ပြီး သူတို့တွေကို ၁၉၉၇ ခုနှစ်မှာ ရာထူးကနေ အနားပေးလိုက်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ အလားအလာရှိတဲ့ ပြိုင်ဖက် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထောင်ချခဲ့ပါတယ်။ စစ်တပ်အတွင်းမှာ စုစည်းချုပ်ကိုင်ထားပြီးတဲ့နောက် သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မိတ်ဆက်ခဲ့ပြီး အသွင်းကူးပြောင်းရေးအဆင့်ကို သတ်မှတ်ပေးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ငါးနှစ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အလားတူ ဗျူဟာအတိုင်း လိုက်နာခဲ့ပုံပေါ်ပါတယ်။ သူ့ထက် အသက် ၁၆ နှစ်ငယ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူး တိုးပေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုခန့်အပ်ခဲ့တုန်းကလိုပဲ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို သိသာထင်ရှားတဲ့ တိုက်ပွဲအတွေ့အကြုံမရှိပေမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းမှာ အဓိကအုပ်ချုပ်ရေးတာဝန်တွေကို စစ်ခေါင်းဆောင်က ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် နှစ်ယောက်လုံး (သန်းရွှေနဲ့ မင်းအောင်လှိုင်) ကတော့ တိုက်ပွဲအတွေ့အကြုံထက် ကာကွယ်ရေးဦးစီးချုပ်ရုံး လုပ်ငန်းဆောင်တာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုကို ဦးစားပေးခဲ့ပုံပေါ်ပါတယ်။

အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ၂၀၂၄ ခုနှစ်အတွင်း နယ်မြေခံစစ်ဌာနချုပ် နှစ်ခုကို သိမ်းယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အတွက် စစ်ခေါင်းဆောင်ရဲ့ ညှိနှိုင်းရေးမှူးအဖြစ် တိုးမြှင့်ခန့်ထားခဲ့ပါတယ်။ နောက်ပိုင်း စစ်ခေါင်းဆောင်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို ကြည်းတပ်ရဲ့ ညှိနှိုင်းကွပ်ကွဲရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကိုကိုဦးနဲ့ သန်းထိုက်တို့ နှစ်ယောက်လုံးဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း အရပ်သားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်းက ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိသူတွေ ဖြစ်ပါတယ်။

အခုလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အပြောင်းအလဲက ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို သူ့ရဲ့ဆက်ခံသူအဖြစ် ခန့်အပ်ဖွယ်ရှိနေကြောင်း ညွှန်ပြနေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ ဗိုလ်ချုပ်သန်းထိုက် နှစ်ဦးထဲက တစ်ဦးဟာ ဒုတိယကာချုပ်နဲ့ ပူးတွဲစစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့် ခံရနိုင်ချေရှိနေပါတယ်။ ဒီအချက်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆက်ခံရေးဗျူဟာကို ထင်ဟပ်စေပြီး စစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် အုတ်မြစ်ချနေတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရာထူးနေရာအတွက် အလားအလာရှိတဲ့ ထိပ်တန်းအဆင့်ရွေးချယ်ထားသူတွေကို စိန်ခေါ်နိုင်တဲ့ စစ်တပ်အရာရှိကြီးတွေကို အုပ်ချုပ်ရေးပိုင်းတွေမှာ ပြန်လည်တာဝန်ပေးတာဟာ သူလိုလားတဲ့ သူ့နေရာမှာ ဆက်ခံမယ့်သူအတွက် လမ်းရှင်းပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလိုမျိုးပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်တော်တော်များများကို စစ်ရေးကွပ်ကဲမှုအပိုင်းကနေ ဖယ်ရှားခဲ့ပြီး ဩဇာအကန့်အသတ်ရှိတဲ့ ဝန်ကြီးရာထူးနေရာတွေဆီ အရောက်ပို့ခဲ့ပါတယ်။ အဲဒီအရာရှိတွေဟာ စစ်ရေးနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေဆီ တက်ရောက်ဖို့ ခဲယဉ်းသွားတာ၊ ဒါမှမဟုတ် လူအများရှေ့မှာ ယူနီဖောင်းဝတ်ပြီး ပေါ်လာတာမျိုး သိပ်မရှိတော့တာဟာ စစ်ဘက်ရေးရာမှာ သူတို့ရဲ့ အခန်းကဏ္ဍ လျော့နည်းသွားတာကို ပြသနေပါတယ်။ အဲဒီလိုမျိုး အဆက်ဖြတ်တောက်လိုက်မှုဟာ ငယ်ရွယ်တဲ့ ဗိုလ်ချုပ်ကြီးတွေကို တပ်ချုပ်အဖြစ် ပိုမိုခန့်ထားနိုင်စေဖို့ မင်းအောင်လှိုင်အတွက် နေရာဖန်တီးပေးလိုက်ခြင်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက် ဩဇာအာဏာ သိသိသာသာ တိုးမြင့်လာခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို အကျဉ်းချခဲ့ပါတယ်။ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို မျက်နှာသာပေးခဲ့ပေမယ့် ထောက်လှမ်းရေးအရာရှိတွေဟာ ကာချုပ်ဖြစ်လာနိုင်ချေ နည်းပါတယ်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်မှာ စစ်ထောက်လှမ်းရေးရဲ့ အာဏာတိုးချဲ့မှုဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ခေတ်က ပြည်တွင်းအာဏာရုန်းကန်မှုတွေလိုပဲ ရှေ့တန်းက တိုက်ပွဲဝင် တပ်မှုးတွေနဲ့ တင်းမာမှုတွေကို နှိုးဆွရာ ရောက်ခဲ့ပါတယ်။

နှစ်လကြာမြင့်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက လွဲလို့ လူထုအုံကြွမှု ကြီးကြီးမားမား မရှိခဲ့တာကြောင့် သူ့ရဲ့အသွင်ကူးပြောင်းရေး စည်းမျဉ်းတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အစိုးရဟာ နယ်စပ်ဒေသမှာ “အပစ်အခတ်ရပ်စဲရေး အရင်းရှင်” ဗျူဟာစနစ်ကနေတဆင့် တိုင်းရင်းသားလက်နက်ကို အဖွဲ့အစည်းအများစုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ရယူနိုင်ခဲ့ပြီး သူ့အတွက် အတိုက်အခံတွေကို အနည်းငယ်လောက်သာ ချန်ထားခဲ့နိုင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီးမှာ မကြုံစဖူး စစ်ရေးရှုံးနိမ့်မှုတွေနဲ့ လူထုအုံကြွမှုတွေ အင်အားကြီးထွားလာမှုဟာ စစ်ခေါင်းဆောင်ရဲ့ အသွင်ကူးပြောင်းရေးအပေါ် ဆုံးဖြတ်ပေးနိုင်စွမ်းကို ထိခိုက်စေခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၅ ခုနှစ်မှာသာ သန်းခေါင်စာရင်း အချက်အလက်တွေကို ကောက်ယူနိုင်ခဲ့ပြီး နိုင်ငံရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်မှုမရှိတော့ဘူးဆိုတာ ပြသနေပါတယ်။ စစ်တပ်ဟာ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အာမခံထားနိုင်ခြင်းမရှိပေမယ့် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။ စစ်ခေါင်းဆောင်ဟာ အဲဒီညှိနှိုင်းရေးအပေးအယူကိစ္စတွေမှာ စီရင်ပိုင်ခွင့် အာဏာမရှိဖြစ်နေပြီး ဘယ်လို အသွင်ကူးပြောင်းရေးအစီအစဉ်ကိုမဆို တော်လှန်ရေးအင်အားစုတွေထံကနေ လက်ခံမှု ရရှိရမှာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က သူနဲ့လိုက်လျောညီထွေရှိတဲ့ အရာရှိငယ်တွေကို ရာထူးတိုးပေးတာ၊ အကြီးတန်းတပ်မှူးတွေကို ဘေးဖယ်ထားပြီး (သူရည်ရွယ်ထားတဲ့ တပ်ချုပ်ရာထူးဆက်ခံသူအတွက်) ပြိုင်ဖက်တွေကို ဖယ်ရှားကာ ဖြစ်နိုင်ချေရှိတဲ့ ထွက်ပေါက်အတွက် အုတ်မြစ်ချနေပုံ ရပါတယ်။ ဒါပေမယ့် စီမံပြဌာန်းထားတဲ့ အသွင်ကူးပြောင်းရေးကို ကြိုးကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခြေရာကို လိုက်နင်းနေပုံရပြီး စစ်မြေပြင် ဆုံးရှုံးမှုတွေ၊ ကျယ်ပြန့်တဲ့ ခုခံမှုတွေနဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု လျော့နည်းလာခြင်းတွေဟာ သူ့ချမှတ်ထားတဲ့ အစီအစည်အတိုင်း ထွက်ပေါက်တစ်ခု ချမှတ်ဖို့ ဖြစ်နိုင်ချေမရှိ ဖြစ်နေပါတယ်။

eastasiaforum မှာဖော်ပြထားတဲ့ ဆောင်းပါရှင် နိုင်မင်းခန့်ရဲ့ “Myanmar’s Min Aung Hlaing sets the groundwork for a possible political exit” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.