မကွေး ဧပြီ ၇

မကွေးတိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ သုံးခုနဲ့ လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်တို့ကို လျှပ်စစ်ပေးနေတဲ့ ဓာတ်အားခွဲရုံကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော် Bamar Army က ဧပြီ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်းအတွင်းရှိ ကပစ ၂၀၊ ၂၁၊ ၂၅ နဲ့ အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်တို့ကို လျှပ်စစ်မီးပေးနေတဲ့ စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံကို မတ် ၃၁ ရက်နေ့မှာတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲကြာမြင့်ချိန် ၄ နာရီခွဲထိရှိခဲ့ပြီး ဓာတ်အားခွဲရုံမှာရှိတဲ့ ထရမ်စဖော်မာ အလုံး ၈၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တာကြောင့် ကပစတွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က တစ်ဦးကျဆုံးကာ ကပစ တွေရဲ့ စစ်ဆင်ရေးနဲ့ ထုတ်လုပ်ရေး ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ ဗမာ့တပ်တော်၊ အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးမှူးက ဦးစီးပြီး ဗမာ့တပ်တော် တပ်ရင်း ၇၀၇ ၊ ပေါက်တောင်ပိုင်းကျန်းမာရေးနဲ့သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ ဂန့်ဂေါခရိုင်ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ် ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ပကဖတပ်ဖွဲ့၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာလို့သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – ဗမာ့တပ်တော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.