နေပြည်တော် ၊ မတ် ၂၅
လာမယ့် ဧပြီမှာ ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ် ကြားထားတယ်လို့ ထိုင်းသတင်းတချို့က ဖော်ပြပါတယ်။
ဧပြီ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိကျင်းပမယ့် အဲဒီအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖို့ရှိနေတာမို့ အာဏာသိမ်းမှုအတွင်း ပထမဆုံးအကြိမ် ထိုင်းနိုင်ငံကို လာရောက်ဖို့ ရှိနေတာပါ။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံတွေရဲ့ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့မှာ ထိုင်း၊ မြန်မာ ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနဲ့ ဘူတန်နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ကျော်က အာဏာသိမ်း စစ် တပ်ကို ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုထားတာမရှိတဲ့အပေါ် အခုလို ဖိတ်ကြားတာဟာ မသင့်လျော်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
“အမှန်ကတော့ စစ်တပ်က အာဏာသိမ်းထားတာ လေးနှစ်ကျော်ခဲ့ပြီဗျ။ အဲဒီအခြေအနေမျိုးမှာ ဘယ်နိုင်ငံဘယ်အသိုင်းအဝိုင်းကနေ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလို့ အသိအမှတ် ပြုထားတာ မရှိဘူးလေ။ အဲဒီတော့ ဒီလိုအနေအထားမျိုးမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်း စိမ်တွေလည်း အလွန်ဒုက္ခရောက်နေတဲ့အချိန်အခါမျိုးမှာ ဒီလိုမျိုး နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဆွဲခေါ်သွင်းတာမျိုးကတော့ မသင့်လျော်ဘူးလို့ ကျွန်တော့်အမြင် သုံးသပ်လိုပါတယ်” လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း ပြည်ပခရီးစဉ်အဖြစ် ဒေသတွင်းနိုင်ငံတွေက ဖိတ်ခေါ်ခြင်းမရှိပေမယ့် တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ် စတဲ့ နိုင်ငံတွေရဲ့ ဖိတ်ကြားမှုတချို့ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း အခုနှစ် နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ် အစောပိုင်းမှာ ရွေး ကောက်ပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့ပြီးနောက်ပိုင်း ထိုင်းခရီးစဉ် ထွက်ပေါ်လာတာပါ။
တစ်ဘက်မှာ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကနေ ဖမ်းဝရမ်းထုတ်ဖို့ အမည်စာရင်းတင်သွင်းခံထားရသလို အာဂျင်တီးနားနိုင်ငံ တရားရုံးကနေလည်း စစ်ခေါင်းဆောင်အပါအဝင် စစ်ဗိုလ်ချုပ် ၂၃ ဦးတို့ကို ဖမ်းဝရမ်းထုတ်ထားတာပါ။
ဒီအခြေအနေမှာ BIMSTEC အစည်းအဝေးကို စစ်ခေါင်းဆောင် တက်ရောက်ဖြစ်ရင် နှစ်နိုင်ငံ စစ် တပ်ကြား စစ်ရေးမဟာမိတ်ကြောင့် ထိုင်းစစ်တပ်က လုံခြုံရေးအာမခံချက် ပေးထားတာလို့ နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“မြန်မာပြည်က စစ်တပ်၊စစ်ကောင်စီနဲ့ ထိုင်းနိုင်ငံဟာ အမြဲတမ်း စစ်ရေးမဟာမိတ်တွေ ဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အရပ်သားအစိုးရ တက်လည်း ထိုင်းစစ်တပ်နဲ့ ဗမာစစ်တပ်နဲ့ကတော့ ညီရင်းအစ်ကိုလို ပေါင်းသင်းဆက်ဆံနေကြတာဖြစ်ပါတယ်။အဲဒါကြောင့် မင်းအောင်လှိုင် ထိုင်းကိုသွားရဲတာလို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒါပေမယ့် ထိုင်းမှာက အနောက်ဥရောပ အမေရိကန်တို့နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ အဲဒီတော့ မင်းအောင်လှိုင် ထိုင်းကိုသွားတယ်ဆိုတာ လုံခြုံရေးအရ ဒီနေ့လို (ထိုင်း)အရပ်သားအစိုးရရှိနေတဲ့အောက်မှာ အာမခံချက် သိပ်တော့ မရှိပါဘူး။ ဒါပေမယ့် ထိုင်းစစ်တပ်က အာမခံချက်ပေးလို့ သွားတာလို့ပဲ ကျွန်တော်က ယူဆပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
BIMSTEC ရဲ့ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွက် ထိုင်းနိုင်ငံကို သွားရောက်မယ့် စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လောလောဆယ်မှာ အသိပေးထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အဲဒီအစည်းအဝေးဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေတုန်ထန်က သဘာပတိအဖြစ် ပထမဦးဆုံး တာဝန်ယူကျင်းပတာဖြစ်ပြီး ဒေသတွင်းအဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ စတင်ထူထောင်ခဲ့ပြီး ဘင်္ဂလားပင် လယ်အော်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media