အမှန်/အမှား
+++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF အများအပြားသေဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေဖြစ်တဲ့ Snow Queen၊မှိုင်းဝေ၊ဝေဖြိုးစတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မတ်လ ၁၅ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို မတ်လ ၁၄ ရက်နေ့ ညနေ ၃နာရီကျော်လောက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရေအ တွက်ဟာ ၂၇ ဦးအထိ တိုးလာတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Myanmar nowသတင်းဌာနမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထိန်းချုပ်ထားတဲ့ အဲဒီဒေသက လူစည်ကားတဲ့ဈေးအနီး၊ လက်ဖက်ရည်ဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အ ရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့တာလို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ဖော်ပြထားပါတယ်။
လူစည်ကားရာ လက်ပံလှကျေးရွာ ဈေးဆိုင်တန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးထိခိုက်သူတွေဟာ အရပ်သားတွေသာဖြစ်တယ်လို့လည်း လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာလည်း ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူများစွာရဲ့ ပုံတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေကို တွေ့ရပါတယ်။
Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
mizzimaသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထုတ်ပြန်ချက်လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်