လှိုင်းဘွဲ၊ မတ် ၁၈
ကရင်အမျိူးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သွားခဲ့ပြီး ဌာနဆိုင်ရာရုံးနေရာအနား ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်မှုမရှိဘူးလို့ KNU သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ်လ ၁၈ ရက်နေ့ အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် KNU တပ်မဟာ ၇ နယ်မြေထဲက ဗဟိုဌာနချုပ်ထဲကို ဦးတည်ပစ်မှတ်ထားပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားခဲ့တာပါ။
ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် KNU ဗဟိုဌာနချုပ်ထဲက ဌာနဆိုင်ရာ ရုံးမြေနေရာမှာ ကျရောက် ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုမရှိဘဲ ရုံးအဆောက်အဦး ခေါင်မိုးအနည်းငယ်သာ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU တပ်မဟာ ၇ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
KNU ဗဟိုဌာနချုပ်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေဟာ လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်မြို့အခြေစိုက် ဗျူဟာစခန်းကုန်းက ဒရုန်းတွေဖြစ်ကြပြီး အဲဒီဗျူဟာစခန်းကနေ KNU ဌာနချုပ်နေရာအပါအဝင် တပ်မဟာ ၇ နယ်မြေထဲက အခြားစခန်းတွေအပေါ် မကြာခဏ ဗုံးကြဲတိုက်ခိုက်နေခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း KNU တပ်မဟာ ၇ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ပူလူးတူစခန်းကို KNLA KNDO ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်က ၁၂ ဦးသေဆုံးခဲ့သလို ၁၃ ဦးကတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ပါတယ်။
KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက KNLA KNDO တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းယူလိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က KNU ဗဟိုဌာနချုပ်နေရာကို ဒရုန်းတွေနဲ့ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေလျက်ရှိရာ အခုနှစ် ၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်နေ့ ကရင့်တော်လှန်ရေးနေ့မှာလည်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
KNU တပ်မဟာ ၇ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ မာနယ်ပလောဒေသက စခန်းတွေနဲ့ ပိုင်ကျုံမြို့နယ် ပူးလူးတူစခန်းတို့ကို KNLA KNDO ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် တပ်မဟာ ၇ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အ ကြား နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU