ဗန်းမော်၊ မတ် ၁၅
နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက အကျဉ်းထောင်တွင်းရှိ အကျဉ်းသားတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ခုခံကာကွယ်ရေးကိစ္စရပ်တွေကို အတင်းအဓမ္မ အမိန့်ပေးခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။
အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာအတွင်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီလက်အောက် ခံ စစ်တပ်တွေက အကျဉ်းခံနေရတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်တွင်းခံစစ်အတွက် လက် နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်းတာတွေ လုပ်ဆောင်နေတာပါ။
အဲဒီထဲမှာ ကချင်ပြည်နယ်အတွင်း KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖော်ဆောင်နေတဲ့ ဒေသအတွင်းရှိ ဗန်းမော်အကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်တွေမှာ ရာဇဝတ်မှုနဲ့ နှစ်ကြီးကျနေတဲ့ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပြီး ထောင်ခံစစ်ကင်းတွေမှာ လုံခြုံရေးစောင့်ခိုင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါhအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ပါက လက်နက်တပ်ဆင်ထားတဲ့ အကျဉ်း သားတွေကို စစ်ကောင်စီတပ်သားတွေနဲ့အတူ ပူးတွဲခုခံမှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးစေခိုင်းထားတယ်လို့ PPNM က ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ပြောခွင့်ရ ကိုသိုက်ထွန်းဦးက စစ်ကောင်စီဟာ လူဦးရေ လိုအပ်ချက်ပေါ် မူတည်ပြီး စစ်မှုထမ်းတွေ စုဆောင်းလို့မရတဲ့အခါ အကျဉ်း ထောင်ထဲရှိ အကျဉ်းသားတွေကို အရေးပေါ်လိုအပ်ချက်အရ စုဆောင်းလိုက်တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်စည်းကမ်း ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် လွိုင်ကော်အကျဉ်းထောင်တွင်း ဗိုလ်အဆင့်နဲ့ ဖမ်းဆီးခံထားရသူတွေကို တိုက်ပွဲအတွင်း ဝင်တိုက်ပါက ပြစ်ဒဏ်ကနေ လျော့ပေါ့ပေးပြီး မူလရာထူးကိုပေးကာတိုက်ပွဲမှာ ပြန်လည်အသုံးပြုနေတာတွေ ရှိနေပါတယ်။
အခုလို အကျဉ်းသားတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ စစ် တပ်နဲ့ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေကို ပြစ်ဒဏ်လွတ်ငြိမ်းမှုရဖို့ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်စေတာဟာ တရားမဝင် လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ပြီး အင်အားဖြည့်တင်းနေတဲ့အ တွက် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်းနှစ်သောင်းရှစ်ထောင်ကျော်ရှိပြီး အဲဒီထဲက နှစ်သောင်းကျော်ဟာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ