ကျိုက်ထို၊ မတ် ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျေးရွာသုံးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦးနဲ့ အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က ကျိုက်ထိုမြို့နယ် မုက္ခမော့ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရာ ဂိတ်နဲ့ ပေ ၄၀၀ အကွာရှိ လမ်းပေါ် ကျ ရောက်ပေါက်ကွုခဲ့တဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

မတ်လ ၁၂ ရက်နေ့ကလည်း ဝါးဒက်ကွင်းကျေးရွာအနီးရှိ PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် အင်းတကော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရဲဘော်နှစ်ဦး မစိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အလားတူ အဲဒီထဲမှာပဲ ကညင်အိုင်ကျေးရွာအနီး ဒေသအခေါ် မကွန်ထောနေရာက ရွှေတွင်းလုပ် ကွက် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ကားသမားတစ်ဦးဒဏ်ရာရပြီး ဆီပေပါ အလုံး ၂၀၀ ကျော်၊ ဘက်ဟိုးနှစ်စီး၊ မြေသယ်ကားလေးစီး ထိမှန်ပျက်စီးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်တွေအပြင် အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ အစည်းအဝေးလုပ်နေချိန် လေကြောင်းကနေ ဗုံးကြဲခံရလို့ PDF ရဲဘော် သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.