ဝါရှင်တန်၊ မတ် ၁၄

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာမှုရဲ့ နောက်ဆုံး အရှုပ်အထွေး အဖြစ် ဥရောပသမဂ္ဂ အီးယူကနေ အမေရိကန်သို့ တင်ပို့တဲ့ ယမကာအားလုံးအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်းကောက်ခံ သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်သို့ တင်ပို့တဲ့ သံမဏိနဲ့ ဒန်သတ္တု အားလုံးအပေါ် သမ္မတ ထရန့်ရဲ့ အခွန် တိုးကောက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ထုတ် ဝီစကီအရက်ကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံဖို့ အီးယူရဲ့ အစီအစဉ်ကို လက်စားချေတဲ့အနေနဲ့ ထရန့်က အခုလိုမျိုး ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ထုတ် ဝီစကီတွေအပေါ် အခွန် တိုးကောက်မယ့် အစီအစဉ်ကို ချက်ချင်း ရုတ်သိမ်းရေး ထရန့်က တောင်းဆိုထားပြီး အီးယူက အမေရိကန်ကို အသုံးချဖို့ ရည်ရွယ်နေတယ်လို့ ပြောထားတာပါ။

အဲဒီအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီးယူကြား ဆက်သွယ်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထရန့်ရဲ့ နောက်ဆုံး ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အီးယူ ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးက အမေရိကန်ဆီ ဆက်သွယ်ခဲ့တယ်လို့ ဥရောပ ကော်မရှင်ဘက်က အတည်ပြုထား ပါတယ်။

အခုလို ထိပ်တိုက်တွေ့မှုက ကုန်သွယ်ရေး စစ်ပွဲကို ထပ်မံ အရှိန်မြင့်တက်လာစေပြီး အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက နိုင်ငံတွေမှာရှိတဲ့ စားသုံးသူတွေနဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကို မြင့်တက်လာစေခဲ့ပါတယ်။

ဒီလို လက်စားချေ အခွန် တိုးကောက်မှုတွေကြောင့် အမေရိကန် စတော့ရှယ်ယာဈေးနှုန်း လျော့ကျသွားပြီး ဘဏ္ဍာရေးဈေးကွက်တွေကို မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။

ဥရောပက အမေရိကန်သို့ နှစ်စဉ် ယူရို ၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ဝိုင်တွေကို အမေရိကန်သို့ တင်ပို့ ရောင်းချနေတာ ဖြစ်ပြီး ဥရောပရဲ့ အကြီးမားဆုံး ယမကာ ဈေးကွက် ဖြစ်ပါတယ်။

ထရန့်အနေနဲ့ ခြိမ်းခြောက်ထားတဲ့အတိုင်း အခွန် တိုးကောက်လို့ရှိရင် ဈေးကွက် ပျက်စီးသွားနိုင်ပြီး ထောင်နဲ့ချီတဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးရနိုင်တယ်လို့ ဥရောပက သတိပေးထားပါတယ်။

အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်တွေ ဖြစ်တဲ့ ကနေဒါနဲ့ ဥရောပက ထရန့်ရဲ့ အခွန်တိုးကောက်မှုဟာ တရားမျှတမှု မရှိဘူးလို့ ပြောထားပြီး အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်တဲ့ အခွန်တိုးကောက်မှုတွေ ပြုလုပ်ထားပါတယ်။

ထရန့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်း အတွင်းကလည်း အလားတူ အခွန် တိုးမြှင့် ကောက်ခံမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူရာထူးက ထွက်ခွာ သွားပြီးနောက် အခွန်တွေကို ဖယ်ရှားပြီး နှစ်ဘက် ပြေလည်ခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.