တီဟီရန်၊ မတ် ၁၄

တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ တံခါးပိတ် အစည်းအဝေး ကျင်းပရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တလွဲ အသုံးချတယ်ဆိုပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ သံအမတ်တွေကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်မှာ ဆင့်ခေါ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။

တီဟီရန်က ယူရေနီယံသန့်စင်မှုကို လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်အထိ တိုးမြှင့် ထုတ်လုပ်နေတာနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးချိန် ဗြိတိန်က အီရန်အနေနဲ့ နျူကလီးယား လက်နက် မပိုင်ဆိုင်စေရေး လိုအပ်ရင် ကုလရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လုပ်မယ်လို့ မတ် ၁၂ ရက်မှာ သတိပေးခဲ့တာပါ။

နျူကလီးယား လက်နက်တွေ ထုတ်လိုတဲ့ ဆန္ဒရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အီရန်က ပယ်ချထားပြီး သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA က အီရန်ဟာ ယူရေနီယံတွေကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီး လက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် ဖြစ်တဲ့ ၉၀ ရာခိုင်နှုန်း သန့်စင်ရေး မကြာသေးခင်က တိုးမြှင့်ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။

အရပ်ဘက်အတွက် အသုံးပြုရေး ယူရေနီယံတွေကို အဲဒီလောက် သန့်စင်စရာမလိုဘူးလို့ အနောက်နိုင်ငံတွေက ပြောကြားထားပြီး နျူကလီးယား လက်နက်ထုတ်လုပ်ရေးအတွက် မဟုတ်ရင် ဘယ်နိုင်ငံကမှ အဲဒီလောက် သန့်စင် ထုတ်လုပ်တာမျိုး မရှိဘူးလို့ ပြောဆိုထားပါတယ်။

ကုလ တံခါးပိတ် အစည်းအဝေး ကျင်းပရေး လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံထဲက ၆ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ဂရိနဲ့ ပနားမားတို့က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာမှာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘဲ ယူရေနီယံတွေကို အဲဒီလောက် အတိုင်းအတာအထိ သန့်စင်ထုတ်လုပ်နေတာ အီရန် တစ်နိုင်ငံတည်းပဲ ရှိတယ်လို့ လုံခြုံရေးကောင်စီ အစည်းအဝေး အပြီးမှာ အမေရိကန်သံတမန်တွေက ပြောကြားထားပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ထုတ်လုပ်နေတယ်ဆိုတဲ့ တီဟီရန်ရဲ့ ပြောဆိုချက်ကို ယုံကြည်လို့ မရဘူးလို့ အမေရိကန်က ပြောပါတယ်။

အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ညှိနှိုင်းဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ပယ်ချထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးကတော့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ ဆွေးနွေးလိုတယ်လို့ ပြောထားကြောင်း နိုင်ငံပိုင်သတင်းဌာနက မတ် ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.