အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ လွတ်ရက်စေ့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာ မရှိဘူး”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မတ် ၃ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ စစ်တွေသို့ ပြန်ပို့ခံရတဲ့ မွတ်ဆလင်တွေအထဲက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ပြင်ဆင်နေတဲ့ သတင်းအချက်အလက်ကို လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာမှာတော့ အင်းစိန်ထောင်က အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လွတ်မြောက်လာသူ မွတ်ဆလင် ၉ဝဝ ကျော်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်တွေကို ရောက်ရှိလာခဲ့တာလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ သူတို့ကို စစ်ကောင်စီ တပ်ရင်းတွေမှာ နေရာချပေးထားပြီး အရွယ်ကောင်းသူတွေကိုတော့ ၄၅ ရက် စစ်သင်တန်း ပေးကာ စစ်တွေမှာ လက်ရှိဖြစ်နေတဲ့ AA နဲ့ တိုက်ပွဲတွေအတွင်း အသုံးချဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့ ရခိုင်အမျိုးသားတစ်ဦးရဲ့ ပြောဆိုချက်ကို နိရဉ္စရာမှာဆက်လက် ဖော်ပြထားပါတယ်။
နိရဉ္စရာ သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင်ကနေ ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာ ၉၀၀ ကျော်ဟာ စစ်တွေမြို့သို့ ရောက်ရှိလာပြီးနောက် အဲဒီထဲက အမျိုးသား ၅၀၀ ကျော်ကို စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်ကာ စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ မြို့ခံသတင်းရင်းမြစ်များရဲ့ ပြောဆိုချက်ကို လူထုနွေဦးသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေပြီး ရွာကြီးလျှင် ဒေသခံလူငယ်၊လူလတ်အယောက် ၁၀၀ ၊ ရွာငယ်တွေမှာ အယောက် ၅၀ အထိ စစ်တပ်က အတင်းလူသစ်စုဆောင်း ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လကတည်းက လွတ်လပ်သောသတင်းဌာနတွေမှာ ထုတ်ဖော်ပြောပြထားပါတယ်။
People’s Spring သတင်းဌာနလင့်
RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်