အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ PDF တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နိုင်ခဲ့ပြီး PDF များစွာ သေဆုံးကြောင်း” စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မတ် ၄ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလကနေ မတ်လဆန်းအထိ တစ်လကျော်အတွင်း အ ရပ်သား ၂၅ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်သောသတင်းမီဒီယာတွေမှာ ဖော် ပြထားပါတယ်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တာလို့ RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အစပ်က ရေနံမှော်နဲ့ နေရာ ၉ ခုကို မတ် ၃ ရက် မနက်ပိုင်းမှာ စစ်တပ်က Y12 နဲ့ ဂျက်ဖိုက်တာသုံးပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ် သား ၁၂ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဗုံးထိမှန် သေဆုံးသူတွေဟာ သရက်ကန်၊ လက်ပံတိုနဲ့ ဘောင့်ဘင်ရွာတွေက ဖြစ်ပါတယ်။

မတ် ၄ ရက်နေ့ကလည်း မကွေးတိုင်း မြိုင်မြို့နယ် ဆင်စိန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်သော သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

BBCသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/IihSk

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/lANpB
https://shorturl.at/fxMGB

DVBသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/OXRKU

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.