ဆိုးလ်၊ မတ် ၄
ဒေါ်နယ်ထရန့် အစိုးရက ရန်စမှုတွေ အရှိန်မြှင့် ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားတဲ့ ညီမ ဖြစ်သူ ကင်ယိုဂျွန်က ဝေဖန်လိုက်ပြီး နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မိမိတို့နိုင်ငံအနေနဲ့ နျူကလီးယား တားဆီးနိုင်စွမ်း တိုးမြှင့်မှု တရားဝင်တယ်လို့ ပြောကြားကြောင်း နိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြပါတယ်။
မတ် ၂ ရက်မှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson ရောက်ရှိလာမှုအပေါ် ကင်ယိုဂျွန်က ပြစ်တင် ရှုတ်ချပြီး မြောက်ကိုရီးယားကို ထိပ်တိုက်တွေ့မယ့် မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်း လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုနှစ် သူတို့ရဲ့ အစိုးရအသစ် တက်လာတာနဲ့ အမေရိကန်က မြောက်ကိုရီးယားကို နိုင်ငံရေးအရရော စစ်ရေးအရပါ ရန်စမှုတွေ အရှိန်မြှင့်ပြုလုပ်လာတယ်လို့ ကင်ယိုဂျွန်က ပြောကြားကြောင်း KCNA သတင်းဌာနက မတ် ၄ ရက်မှာ ဖော်ပြခဲ့တာပါ။
လက်ရှိ အမေရိကန်က မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ မူဝါဒတွေ ကျင့်သုံးနေတာကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက် စွမ်းပကား တိုးမြှင့်ရေး လုပ်ဆောင်မှုဟာ တရားဝင်တယ်လို့ သူက ပြောပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကင်ယိုဂျွန်ရဲ့ ပြောဆိုမှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအင်အား ပိုမို ကောင်းမွန်လာစေရေး ဆောင်ရွက်မှုကို တရားဝင် ဖြစ်စေအောင် ပြောဆိုမှုပဲ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကို ဘယ်သူကမှ လုံးဝ လက်မခံခဲ့ဘဲ မြောက်ကိုရီးယားအတွက် ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ နျူကလီးယားလက်နက်တွေနဲ့ ဒုံးကျည်တွေကို စွဲစွဲလမ်းလမ်း ထုတ်လုပ်နေမှုကို စွန့်လွှတ်ရေး ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားတာပါ။
နျူကလီးယား စွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောဟာ ဇန်နဝါရီက ထရန့် အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ရောက်လာပြီး နောက်ပိုင်း တောင်ကိုရီးယားသို့ ပထမဆုံး ရောက်ရှိလာတဲ့ လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။
အမေရိကန်က ကိုရီးယားကျွန်းဆွယ်သို့ B-1B ဗုံးကြဲလေယာဉ်တွေ ချထားမှုကိုလည်း ကင်ယိုဂျွန်က ပြစ်တင် ဝေဖန်ပြီး ဖေဖော်ဝါရီက မြူးနစ်ညီလာခံမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြောက်ကိုရီးယားကို နျူကလီးယား လက်နက် ဖြုတ်သိမ်းစေရေး ကတိပြုမှုကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ထရန့်ရဲ့ ပထမသမ္မတ သက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပြီး အခု ဒုတိယ သက်တမ်းအတွင်းမှာလည်း မြောက်ကိုရီးယား ခေါင်းဆောင်ကို ဆက်သွယ်သွားမယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters