ဝါရှင်တန်၊ မတ် ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ် ကုန်ပစ္စည်းတွေအပေါ် အခွန် နှစ်ဆ တိုးကောက်မယ့် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကနေဒါနဲ့မက္ကစီကိုတို့အနေနဲ့ အခွန်တွေကို ရှောင်ရှားဖို့ နေရာ မကျန်တော့ဘူးလို့ မတ် ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

အဓိက ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ ကနေဒါနဲ့မက္ကစီကိုတို့ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက် တားဆီးဖို့ ပျက်ကွက်တယ်ဆိုပြီး သမ္မတ ထရန့်က ဖေဖော်ဝါရီလအတွင်း နှစ်နိုင်ငံစလုံးအပေါ် အခွန်တိုးကောက်မှာ ဖြစ်ကြောင်း ကြေညာပြီးနောက် မကြာခင်မှာပဲ ဆိုင်းငံ့ထားခဲ့တာပါ။

အဲဒီနှစ်နိုင်ငံစလုံးအနေနဲ့ အခွန်တွေကို ရှောင်ရှားဖို့နေရာ မကျန်တော့ဘူးလို့ ထရန့်က မတ် ၃ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီးနောက် အမေရိကန် စတော့ရှယ်ယာစျေးတွေ ကျဆင်းသွားခဲ့ပါတယ်။

အခွန်ဆိုင်းငံ့ထားတဲ့ ရက်ဟာ မတ် ၄ ရက်ဆိုရင် သက်တမ်းကုန်ပြီ ဖြစ်ပါတယ်။

တရုတ် ကုန်ပစ္စည်းတွေကို အရင်က ၁၀ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ထရန့်က သတ်မှတ်ထားခဲ့ပေမယ့် ၂၀ ရာခိုင်နှုန်း အထိ အခွန်ကောက်ရေး ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးပေးလိုက်ပြီလို့ အိမ်ဖြူတော်က ပြောပါတယ်။

ကနေဒါနဲ့မက္ကစီကိုတို့အပေါ် ထရန့်က စီစဉ်ထားတဲ့အတိုင်း အခွန်တွေ တိုးကောက်ခဲ့မယ်ဆိုရင် ကုန်စျေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။

ဒါကြောင့် အိမ်ထောင်စုတွေရဲ့ ကုန်ကျစရိတ် လျော့ကျစေရမယ်ဆိုတဲ့ မဲဆွယ်ကတိကို ထရန့် ဖေါက်ဖျက်ရာ ရောက်နိုင်ပါတယ်။

သမ္မတ ထရန့်က အခွန် ကောက်ရင် အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း ကနေဒါအစိုးရက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.