မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“နွားထိုးကြီးမြို့နယ် မန်လည်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချပြီး PDF အများအပြား သေဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ကြေးမုံသတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်အကောင့်တွေကနေ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မန်လည်ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ပေါင် ၅၀၀ ဗုံးကြဲချမှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့တဲ့ သတင်းအချက်အလက်ကို ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ နွားထိုးကြီးနယ် အနောက်ခြမ်း မာန်လည်ကျေးရွာနဲ့ တောင်သာနယ် ခြုံကြီးကျေးရွာကို တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို MFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဗုံးကြဲမှုကြောင့် နေအိမ်တွေထဲ အိပ်နေတဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်ဌေးရီ၊ အသက် ၄၃ နှစ်အရွယ် မနှင်း၊ အသက် ၅၇ နှစ်အရွယ် ဦးနီထွန်း၊ အသက် ၄၇ နှစ်အရွယ် မအေးတို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ မြေလတ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ မန်လည်ကျေးရွာ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိသလို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ နေထိုင်တာမျိုးလည်းမရှိဘူးလို့ ဆက်လက်ဖော်ပြထားပါတယ်။

မြေလတ်သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/O7TgY

MFP မှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/N8ftq

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.