အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“နောင်ချို့မြို့နယ်ထဲက စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား အများအပြား သေဆုံးတာကို တော်လှန်ရေးတပ်သားတွေ ကျဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သ တင်းအမှား ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီ တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ မှိုင်းဝေ၊ ဟန်ငြိမ်းဦးတို့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်သောသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းနေရာတွေ ဗုံးကြဲခံရတာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို လူထုနွေဦးမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲမရှိဘဲ နောင်ချိုမြို့နယ်၊ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတို့ကို တောင်ခမ်းစခန်း ခမရ ၄၀၆၊ တပ်ရင်း ၃၅၄ နဲ့ တပ်ရင်း ၉၀၂ တို့ကနေ လက်နက်ကြီး ၁၃၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို DVBသတင်းဌာနကလည်း ဖော်ပြထားပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့အတွက် ဧပြီလမှာ နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့ သဘောတူထားတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောထားပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေအကြား ဆွေးနွေးမှုမပြေလည်ပါက အရပ်သားတွေ နေထိုင်ရာ နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ရမ်းသမ်းဗုံးကြဲတိုက်ခိုက်မှာကို သာမန်အရပ် သားပြည်သူတွေက စိုးရိမ်နေကြတယ်လို့ လွတ်လပ်သော သတင်းမီဒီယာတွေကနေတဆင့် ဒေသ ခံတွေက ရင်ဖွင့်ပြောဆိုထားကြပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက နာဆွေရွာ၊ အုမ္မတီးရွာ၊ ညောင်နီရွာနဲ့ တောင်ရွှေရွာတို့ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စစ်ကောင်စီတောင်ခမ်းစခန်းက ခမရ ၄ဝ၆ ၊ တပ်ရင်း ၃၅၄ နဲ့ တပ်ရင်း ၉၀၂ တို့ကနေ လက်နက်ကြီးနဲ့ Y-12 လေယာဉ်သုံးပြီး ဗုံး ၁၇၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ လွတ်လပ်သောသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်ကလည်း နောင်ချိုကို ဗုံးကြဲခဲ့သလို ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၅ ယောက် သေဆုံးခဲ့ပါသေးတယ်လို့ လွတ်လပ်သော မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိရေးအတွက် အရပ်သားတွေ နေထိုင်ရာ နေရာတွေကိုလည်း လေကြောင်းကို အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတွေ ထိမှန်သေဆုံးမှုကို ဖုံးကွယ်လိုတာကြောင့် တော်လှန်ရေးတပ်သားတွေ သေဆုံးသယောင် စစ်ကောင်စီချန်နယ်တွေကနေ ထုတ်လွှင့်လျက်ရှိနေပါတယ်။
TNLAထုတ်ပြန်ချက်လင့်
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
လူထုနွေဉီးမှာ ဖော်ပြထားတဲ့လင့်
DVB မှာ ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်