အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံနေအိမ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာန၊ ဝါဒဖြန့်သတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် အနန်းကွင်းကျေးရွာရှိ နေအိမ်အလုံး ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းအချက်အလက်ကို လွတ်လပ်သောသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အနန်းကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာကုန်းကို စစ်ကူအင်အားတိုးပို့ထားပြီးနောက် ဝေဟင်မှ လေယာဉ်နဲ့ လွယ်ကူစွာရိက္ခာ၊ လက်နက်တွေချ နိုင်ဖို့အတွက် ပစ်ကွင်းအဖြစ် မြင်ကွင်းရှင်းအောင် ကျေးရွာအတွင်းရှိ လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ KIC သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

အနန်းကွင်းကျေးရွာမှာ လက်ရှိအချိန်ထိ စစ်ကောင်စီက လူနေအိမ်တွေကို မီးရှို့နေဆဲဖြစ်သလို ရဟတ်ယာဉ် ဆင်းသတ်ဖို့ နေရာရှင်းထားပြီး အနီးဝန်းကျင်ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ မြေပြင်အခြေအနေကို KIC မှာ ဖော်ပြထားပါတယ်။

အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ထိုးစစ်ဆင်လာတဲ့အခါ စစ်ကောင်စီတပ်တွေက ခံစစ်အနေနဲ့ ဒေသခံကျေးရွာနေအိမ်တွေ မီးရှို့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတာ တစ်နှစ်ကျော်ပြီဖြစ်တယ်လို့ RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

KIC သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/Iw625

RFA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/POVMC

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.