နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၃

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ယာယီနေရပ် စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင် ကျပ်နှစ်သောင်း ထောက်ပံ့ပေးမယ့် စစ်ကောင်စီရဲ့ အစီအစဉ်အပေါ် အယုံအကြည်မရှိဘူးလို့ စစ်ရှောင်တွေက ပြောလာပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရှောင်ပြည်သူတွေကို လစဉ် ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

အဲဒီထောက်ပံ့ငွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး ရန်ပုံငွေကိုတော့ သဘာဝဘေး စီမံခန့်ခွဲမှု ရန်ပုံငွေထဲကနေ အသုံးပြုသွားဖို့ စစ်ကောင်စီဘက်က စီစဉ်ထားတာပါ။

စစ်ဘေးရှောင်တစ်ဦးက စစ်ကောင်စီရဲ့ ထောက်ပံ့ကြေးပေးမယ့် အစီအစဉ်အပေါ် အယုံအကြည် မရှိသလို လက်ခံဖို့လည်းမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖြစ်နိုင်ပါ့မလား။ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာ သူတို့လာလို့ရောရလို့လား။ သူတို့လာတယ် ဆိုတာနဲ့ကို ကျွန်မတို့ စစ်ဘေးရှောင်တွေက တိမ်းရတော့တာ ပြေးရတော့တာ။ သူတို့က မဲမဲမြင်ရာ သတ်နေတဲ့ လူတွေဆိုတော့ လူစိတ်မရှိတဲ့ သူတွေဆိုတော့ ဒီစစ်ရှောင်တွေကို ကူညီချင်တယ်ဆိုတဲ့ စကားက ယုံတမ်းစကားပါ။ ယုံလည်းမယုံနိုင်ဘူး။ လက်လည်း မခံနိုင်ဘူးပေါ့နော်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ ထောက်ပံ့ငွေ ပေးအပ်ရာမှာ နယ်မြေအလိုက် စစ်ဘေးရှောင်အားလုံး ပါ ဝင်မှု ရှိစေရေး၊ စာရင်းမှာ ကျန်နေသူမရှိစေရေးနဲ့ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ ပေး အပ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတာပါ။

စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးကလည်း စစ်ကောင်စီဘက်က လာရင်တောင်မှ ဒေသခံပြည်သူတွေ ပြေးနေရတဲ့အတွက် ထောက်ပံ့ကြေးပေးမယ်ဆိုတာ မဖြစ်နိုင်သလို ဒီလုပ်ရပ်ဟာ နိုင်ငံတကာကိုချပြပြီး ပုံရိပ်ယူဖို့ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ငွေကြေးထောက်ပံ့မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူတို့ ဒီမျက်နှာချင်းဆိုင် သူတို့လာရင်တောင်မှ ပြေးနေရတာ။ မီးရှို့လိုက် သတ်လိုက်ဖြတ်လိုက် သူတို့ လာရင်တောင်မှ ပြေးနေရတာ။ သူတို့အနေနဲ့ကတော့ မဖြစ်နိုင်ဘူး။ ဒါသူတို့ကတော့ နိုင်ငံတကာမှာဒါမျိုး ထောက်ပံ့တယ်ဆိုတာကို ချပြပြီး ပုံရိပ် ယူချင်တာပေါ့ဗျာ။ တကယ်တမ်းကတော့ ဒီနှစ်သောင်း ဆိုတာလည်း တကယ်ပေးခဲ့ရင် တောင်မှဗျာ လုံးဝအဆင်မပြေဘူးဗျာ။ ဒီကာလ ကုန်ဈေးနှုန်းနဲ့ ဘာမှလုပ်လို့ မရဘူးပေါ့နော်” လို့ ဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာ လေ့လာရေးအဖွဲ့ ISP-Myanmar ကတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ် ဘေးရှောင် ဒုက္ခသည် အရေအတွက် ၆ ဒသမ ၆ သန်း အထိ ရှိလာပြီလို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

အဲဒီအစီရင်ခံစာအရ စစ်ကိုင်းတိုင်းဟာ စစ်ဘေးရှောင် ဒုက္ခသည် ၂ ဒသမ ၈ သန်းနဲ့ အများဆုံး ဖြစ်သလို ကရင်ပြည်နယ်က စစ်ဘေးရှောင် ၈ သိန်းနဲ့ ဒုတိယ အများဆုံး ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.