တနင်္သာရီ၊ ဖေဖော်ဝါရီ ၇

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ တနင်္သာရီမြို့နယ် ထုံမခါကျေးရွာနဲ့ သိန်းခွန်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားနေတာပါ။

ဖေဖော်ဝါရီ ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လာရောက်ပြုလုပ်ထားပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိသေးဘူးလို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ခံကိုလရောင်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့က ထုံမခါကျေး ရွာရှိ ဒေသခံနေအိမ် ခြောက်လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။

တနင်္သာရီ-မောတောင်ပြည်ထောင်စုလမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရေဖြူ၊ ထုံမခါ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.