မကွေး ဖေဖော်ဝါရီ ၃
မကွေးတိုင်းမှာ စစ်ကောင်စီဘက်က အင်ဂျင်တပ်လေထီးဖြစ်တဲ့ Paramotor တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လူစီးနင်းလိုက်ပါလို့ရတဲ့ အင်ဂျင်တပ်လေထီး Paramotor တွေကို ပြည်သူလူထု နေထိုင်ရာနဲ့ တိုက်ပွဲ ဖြစ်ရာနေရာတွေမှာ စစ်ကောင်စီဘက်က အသုံးပြုနေတာလို့ ဆိုပါတယ်။
“ညက Paramotor နဲ့ မီးလောင်ဗုံးသုံးလုံး နေအိမ်တွေကိုချသွားတယ်။ နေအိမ်တစ်လုံးမီးလောင်သွားတယ်။ ဒီနေ့လည်း သုံးနေတယ်” လို့ ဒေသခံတစ်ဦးက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၃ နာရီဝန်းကျင်မှာ ပွင့်ဖြူမြို့နယ် ရေရင်ရွာရှိ လူနေအိမ်တွေပေါ်ကို Paramotor နဲ့ သုံးကြိမ်ပစ်ခတ်သွားတာပါ။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ ဆိပ်ဖြူမြောက်ပိုင်းတစ်နေရာကို Paramotor တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
အဲဒီနေ့ မနက် ၈ နာရီဝန်းကျင်ကစလို့ Paramotor တွေကို မကွေးနဲ့ မင်းဘူးက ပြည်သူတွေက မြင်နေကြရတယ်လို့ လည်း သံလွင်တိုင်းမ်ကိုပြောထားပါတယ်။
စစ်ကောင်စီက မြေပြန့်ဒေသမှာပဲ Paramotor တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်ပြီး ပွိုင့် ၅ နဲ့ ပစ်ချရင် ရနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ထင်မြင်ချက်ပေးပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်အထိ Paramotor တွေကို မကွေးလေတပ်ကနေ အနောက်မြောက်အရပ်ကိုပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ