အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“စစ်ကောင်စီက မြို့နယ်တချို့မှာ စစ်မှုထမ်းဆောင်ဖို့ အမျိုးသမီးလူဦးရေစာရင်း ကောက်ယူတာမရှိဘူး”ဆိုပြီး လိမ်လည်ဝါဒဖြန့်ချိလာတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၂၉ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် (၁) စတင်နိုင်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အသက်ပြည့်ထားတဲ့ အမျိုးသမီးလူစာရင်းတွေကို ရန်ကုန်မြို့က မြို့နယ်တချို့မှာ စတင် ကောက်ခံနေပြီလို့ မြို့ခံတွေနဲ့ လွတ်လပ်သောသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့က သင်္ဃန်းကျွန်း၊ သာကေတ၊ ပုဇွန်တောင်နဲ့ တောင်ဒဂုံ မြို့နယ်တွေမှာ အမျိုးသမီးတွေကို နေအိမ်တွေမှာ ရှိ မရှိ၊ ဧည့်စာရင်းနဲ့ သန်းခေါင်စာရင်း တိုက်စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး၊ တချို့ဆိုရင် မှတ်ပုံတင်တွေပါ သိမ်းယူတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တွေ၊ ပဲခူးတိုင်းရှိ တောင်ငူအပါအဝင်မြို့နယ်တချို့အပြင် မွန်ပြည်နယ်ကျိုက်ထို၊ မော်လမြိုင် အပါအဝင် မြို့နယ်တချို့၊ ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘားအံစတဲ့ မြို့နယ်တွေရှိ ရပ် ကွက်၊ ကျေးရွာတွေမှာပါ စစ်မှုထမ်းဖို့ အမျိုးသမီးတွေကို ဇန်နဝါရီလနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စာရင်းကောက်ယူနေကြောင်း ဒေသခံတွေက mizzimaသတင်းဌာနကို ပြောပြထားပါတယ်။
စစ်ကောင်စီဘက်က အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူတာမရှိဘူးဆိုပြီး လိမ်လည်ဝါဒဖြန့်လာပေမယ့် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဆောင်ဖို့ အ ကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို ရန်ကုန်နဲ့ တခြားပြည်နယ်တိုင်းတချို့မှာ ကောက်ယူနေလျက်ရှိတာကို စိစစ်တွေ့ရှိရပါတယ်။
mizzimaသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်