အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“မကွေးတိုင်း မြိုင်မြို့နယ်က PDF စခန်း ၃၀ ကျော် မီးလောင်ပြာကျသွားတယ်” ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်န ဝါရီ ၁၉ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မကွေးတိုင်း မြိုင်မြို့နယ် သံပုရာခြံကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးချိန် နေအိမ်ထဲပိတ်မိနေတဲ့ အဖိုးတစ်ဦးနဲ့ လေဖြတ်နေတဲ့ အဖွားတစ်ဦးကို တော်လှန်ရေး ရဲဘော်တွေက မီးကိုဝင်ရောက် ငြှိမ်းသတ်ရင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ပြောဆိုချက်တွေကို MFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဲဒီအဖိုးနဲ့အဖွားဟာ စစ်အုပ်စုက ရွာကိုဝင်မွှေလုယက်ချိန် ကျန်းမာရေးမကောင်းလို့ မပြေးနိုင်ဘဲ ကျေးရွာထဲမှာ ကျန်နေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် ညနေ ၆ နာရီခန့်မှာ စစ်အုပ်စုက ရွာကိုမီးရှို့ပြီးနောက် ပြန်ထွက်သွားချိန် ဒေသခံတော်လှန်ရေးတပ်တွေက ရွာထဲဝင်ရောက်ကာ မီးငြှိမ်းသတ်ရင်း နေအိမ်ထဲမှာ ပိတ်မိနေတဲ့ အဖိုးနဲ့ လေဖြတ်နေတဲ့အဖွားတို့ကို ကယ်ထုတ်နိုင်ခဲ့တာလို့ MFP မှာ ဖော်ပြထားပါတယ်။
ဒေသခံအဖွဲ့ We Love Myaing သတင်းထုတ်ပြန်ချက်မှာတော့ ဇန်နဝါရီ ၁၈ ရက်နေ့က မြိုင်မြို့အရှေ့ မြောက်ဘက် ကျောင်းကုန်းရွာအနီးကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် သံပုရာခြံရွာနဲ့ ကျောင်းကုန်းရွာက နေအိမ် စုစုပေါင်း ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
We Love Myaing ထုတ်ပြန်ချက်လင့်
စစ်ကောင်စီစစ်ကြောင်းက ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတာအပြင် စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံ ခုနစ်ရာနီးပါး နေအိမ်တွေကနေ ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက RFA သတင်းဌာနကို ပြောပြထားပါတယ်။
MFP သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
RFAသတင်းဌာနက သတင်းလင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်