ရေး၊ ဇန်နဝါရီ ၂၄
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်း နှစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ခေါဇာမြို့အနီးရှိ စစ်ကောင်စီရဲ့ မီးတိုင်တက်တံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၄၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်စဉ် ခေါဇာအခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်းကိုလည်း စစ်ကူမလာနိုင်အောင် ပိတ်ဆို့တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို မြေပြင်သတင်းရင်းမြစ်တွေအပါအဝင် တပ်တွင်းသတင်းပေးတွေကြောင့် အတည်ပြုနိုင်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ခလရ ၃၁ တပ်အပြင် တရုတ်ထောင်ကမ်းစပ်ရှိ စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ခေါဇာမြို့ခံတချို့ ရေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။
အလားတူ ရေးမြို့နယ် ကျုံလောင်းဒေသမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF/NMSP AD