ကျိုက်ဒုံ၊ ဇန်နဝါရီ ၂၄

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကျိုက်ဒုံမြို့ကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲအချိန်လောက်မှာ နေပြည်တော်လေတပ်က Yak-130 Jet Fighter တိုက်ခိုက်ရေးလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရော်ဘာအစေးခြစ်ပြီး ပြန်လာတဲ့ ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် ဒေါ်ညိုညိုဝင်းထိမှန်သေ ဆုံးခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း မီးသတ်ရုံးနဲ့ အနီးပတ်ဝန်းကျင်ရှိ လူမနေတဲ့ ပြည်သူအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကျိုက်ဒုံမြို့ကို ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ကရင်ပြည်နယ်ဘားအံမြို့နယ် ကျုံစိန်ကျေး ရွာအနီးပတ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲသွားပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.