မကွေး ဇန်နဝါရီ ၂၃
မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သား ၁၂ ဦးဖမ်းဆီးရမိတယ်လို့ PRA-Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရခိုင်-မကွေးအစပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်ကနေပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက ခမရ ၁၁၃ က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တာပါ။
“တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့သူတွေလို့ ပြောလို့ရတယ်။ တချို့ကျတော့လည်း နီးစပ်ရာအဖွဲ့တွေနဲ့ သွားရောက်ပေါင်းကြတဲ့အခါမှာကျွန်တော်တို့နဲ့ တွေ့တယ်။ တချို့ကျတော့လည်း လက်နက်ပါတယ်။လက်နက်ချပြီး ဖမ်းဆီးခံတာမျိုး ရှိတယ်။ တချို့ကလည်း လက်နက်မချတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရတာမျိုးတွေလည်း ရှိတယ်” လို့ ကိုနောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း ဗိုလ်ကြီး ၂ ဦး အရာခံဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပြီး ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၁ လက်အပါအဝင် လက်နက် ၈ လက်နဲ့ ခဲယမ်း၊စစ်အသုံးဆောင်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီးမှာ ပဒါန်းဘက်ကနေ တက်လာတဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီကား ၄ စီးကို တိုက်ခိုက်ခဲ့လို့ ၁ စီးပျက်စီးကာ ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့ PRA -Magway ကထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၇ ရက်ကလည်း ဂုတ်ကြီးကျေးရွာကနေ ခွန်ဇူကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ပါစစ်ကြောင်းကိုတိုက်ခိုက်ရာမှာ ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တိုက်ပွဲတွေကနေထွက်ပြေးလာသူတွေနဲ့ ရခိုင်-မကွေးကြားတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၂၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်တယ်လို့ PRA-Magway ထံကနေသိရပါတယ်။
သတင်း – သံလွင်တိုင်းမ်