နောင်ချို၊ ဇန်နဝါရီ ၂၃

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင် စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားရှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

တအာင်းပြည်တပ်မဟာ ၂ နယ်မြေရှိ နောင်ချို့မြို့နယ်ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီးကို ဇန်နဝါရီ ၂၂ ရက် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားငါးဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး နောက် ထပ် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်နှစ်လုံးနဲ့ ရဲစခန်းအဆောက်အဦး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်တဲ့ ဒေသခံပြည်သူတွေကို PSLF/TNLA မီးသတ်ဌာန၊ ရဲဌာနနဲ့ ပြည်သူတွေက ဝိုင်းဝန်းကူညီကယ်ဆယ်ပြီး ဆေးကုသမှု ပြုလုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.