ဘန်ကောက်၊ ဇန်နဝါရီ ၂၃
ထိုင်းနိုင်ငံမှာ လိင်တူထိမ်းမြားခွင့်ဥပဒေ အသက်ဝင်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်မှာ လူသိထင်ရှား လိင်တူအမျိုးသား စုံတွဲ တစ်တွဲ အပါအဝင် နိုင်ငံတဝန်းရှိ LGBTQ စုံတွဲ ရာပေါင်းများစွာ လက်ထပ်ခဲ့ကြပါတယ်။
ထိုင်း သရုပ်ဆောင်ဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် အပီဝတ်ဆေယီနဲ့ အသက် ၃၈ နှစ်အရွယ် ဆပ်ဖန်ယိုတို့ဟာ ဆင်တူ စုံတွဲဝတ်စုံဝတ်ဆင်ပြီး လက်ထပ်ခဲ့ကြပြီး ဘန်ကောက်မြို့ရှိ မှတ်ပုံတင်ရုံးက ထိမ်းမြား လက်ထပ်ပြီးကြောင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပါတယ်။
ဒီလို အခွင့်အေရေး ရဖို့ မိမိတို့ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် တိုက်ပွဲဝင်ခဲ့ရပြီး ဒီကနေ့ကတော့ အချစ်ဟာ အချစ်ပါပဲ ဆိုတာကို ဖော်ပြလိုက်တဲ့ မှတ်သားစရာ နေ့ရက် ဖြစ်တယ်လို့ LGBTQ အရေး ဦးဆောင် လှုပ်ရှားသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
လိင်တူ စုံတွဲတွေအပါအဝင် လက်ထပ်ထားတဲ့ ဇနီးမောင်နှံအားလုံး ကလေးမွေးစားခွင့် ရရှိလာပြီ ဖြစ်သလို အမွေခံထားရှိခွင့်လည်း ရရှိပြီ ဖြစ်ပါတယ်။
အသက် ၆၄ နှစ်နဲ့ ၅၉ နှစ်အရွယ် အမျိုးသမီး လိင်တူစုံတွဲတစ်တွဲလည်း ဘန်ကောက်မြို့မှာ လက်ထပ်ပွဲ ကျင်းပခဲ့ပြီး သူတို့ရဲ့ လက်ထပ် လက်စွပ်ကို မီဒီယာ ရှေ့မှောက် ပြသခဲ့ကြပါတယ်။
ဒီနေ့ကို စောင့်နေတာ ၁၀ နှစ်ကြာခဲ့ပြီး အရမ်း ပျော်ရွှင်ရတယ်လို့ အဲဒီ အမျိုးသမီး လိင်တူစုံတွဲက ပြောဆိုပါတယ်။
ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခုရဲ့ ခန်းမကြီးလည်း အဖွဲ့ အစည်း တစ်ခုက ဦးဆောင်ပြီး LGBTQ စုံတွဲ တော်တော်များများအတွက် တစ်ပြိုင်နက်တည်း လက်ထပ်ပွဲကြီး ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။
ထိုင်းဟာ LGBTQ တွေအပေါ်မှာ သည်းခံနိုင်မှုနဲ့ လက်ခံနိုင်မှု ညွှန်ကိန်းတွေမှာ အရင်ကတည်းက ထိပ်ပိုင်းမှာ ရှိနေခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ အရှေ့တောင်အာရှမှာ လိင်တူ ထိမ်းမြားခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ အဖြစ် သမိုင်းသစ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လိင်တူထိမ်းမြားခွင့် ဥပဒေကြမ်းကို လွှတ်တော်က ပြီးခဲ့တဲ့ ဇူလိုင်လက အတည်ပြုခဲ့ပြီး ဒါဟာ ထိုင်ဝမ်နဲ့ နီပေါလ်ပြီးနောက် အာရှမှာ တတိယမြောက် ဥပဒေအတည်ပြုမှု ဖြစ်ပါတယ်။
အဲဒီ ဥပဒေကို ဘုရင် မဟာ ဝဂျီရာလောင်ကွန်က စက်တင်ဘာလ အတွင်းက အတည်ပြုပေးခဲ့ပြီး ရက်ပေါင်း ၁၂၀ အကြာ ဇန်နဝါရီ ၂၃ ရက်မှာ စတင်အသက် ဝင်လာခဲ့တာ ဖြစ်ပါတယ်။
Ref:AFP