ထားဝယ်၊ ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ဝကုန်းကျေးရွာ မြောက်ဘက်ချောင်းဖျားနားမှာ ကွမ်းခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က ဝကုန်းကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ကိုဝင်းအောင်ဟာ နေအိမ်ကနေ သူပိုင်ကွမ်းခြံကို ဆိုင်ကယ်နဲ့အသွား ဆိုင်ကယ်သွားလမ်းပေါ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြုံခဲ့ရတာပါ။
မြေမြှုပ်မိုင်းကြောင့် ကိုဝင်းအောင်ဟာ ဘယ်ခြေထောက် ပြတ်တောက်သွားပြီး ညာခြေထောက် ဖနောင့်နေရာကကနေ ပြတ်ထွက်သွားလို့ ဒဏ်ရာပြင်းထန်တာကြောင့် ထားဝယ်ဆေးရုံ အရေးပေါ်အဆောင်မှာ တက်ရောက်ကုသနေရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီမိုင်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထောင်ထားတဲ့ မိုင်းဖြစ်ပြီး အဲဒီနေရာတွေကိုမသွားဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
ရွာခံအများစုကတော့ ကျေးရွာအနီးဝန်းကျင် ဥယျာဉ်ခြံ၊ တောစပ်တွေနဲ့လမ်းပိုင်းနေရာတချို့မှာ မိုင်းတွေရှိနေတာကြောင့် မသွားလာရဲဖြစ်နေကြပြီး အလုပ်အကိုင်တွေလည်း မလုပ်ရဘူးလို့ ဆိုကြပါတယ်။
အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ဆီးရီးယားကိုကျော်တက်ပြီး ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ