ကျိုက်ထို၊ ဇန်နဝါရီ ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မလော့ချောင်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ကိုစိုးနိုင်ဦးကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ သေနတ်သမားတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံလိုက်ရတာကြောင့် ကိုစိုးနိုင်ဦးဟာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ကိုစိုးနိုင်ဦးဟာ စစ်ကောင်စီအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွှယ်နေတာအပြင် သတင်းပေးလုပ်ဆောင်နေတယ်လို့ ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်က အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကို မေးမြန်းရာမှာတော့ သူတို့အဖွဲ့က လုပ်ဆောင်တာမဟုတ်ဘူးလို့ ပြန်လည်ဖြေ ကြားလာပါတယ်။
စစ်ကောင်စီတပ်လော်ဘီတွေကတော့ ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ် ဆောင်ခဲ့တာဖြစ်တယ်ဆိုပြီး စွပ်စွဲရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ကံကော်ရပ်ကွက်ရှိ “Parrot” လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ရဲသတင်းပေး ဦးဆန်းမင်းအေး ပစ်ခတ်ခံရပြီး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ