နေပြည်တော် ၊ ဇန်နဝါရီ ၁၆

တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့ ဟွန်ဒီငွေလဲလုပ်ကိုင်သူ ၁၅ ဦးကို အမှုဖွင့်တရားစွဲထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံခြားငွေဈေး မြင့်တက်လာတဲ့အတွက် စစ်ကောင်စီဗဟိုဘဏ်နဲ့ ပြည်ထဲရေးဌာနပူးပေါင်းအဖွဲ့ဟာ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသူတွေရဲ့ ဘဏ်စာရင်းနဲ့ ဘဏ်စနစ်အသုံးပြုပြီး ငွေလွှဲတွေ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်နေတဲ့ လူပုဂ္ဂိုလ်ကိုးဦးကို ရဲတပ်ဖွဲ့ကအမှုဖွင့်ပြီး ခြောက်ဦးကိုသက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုတင်ပို့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူမှုကွန်ယက် စာမျက်နှာကတဆင့် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်တဲ့ Facebook Group ၁၂ ခု၊ Facebook Page ၅ ခုနဲ့ လူပုဂ္ဂိုလ်အပြင် Facebook အကောင့်ပိုင်ရှင် ၁၀ ဦးကိုလည်း အရေးယူနိုင်ဖို့ စိစစ်ဖော်ထုတ်နေတယ်လို့ ဆိုထားပါတယ်။

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ နိုင်ငံခြားငွေ ဈေးနှုန်းကစားတဲ့ စီးပွား ရေးလုပ်ငန်းရှင်အများစုဟာ စစ်ကောင်စီ လက်အောက်ခံတွေကို လာဘ်ပေးပြီး ဈေးကစားတာဖြစ်သလို ဖမ်းဆီးပြီးအရေးယူမှု ကောင်းကောင်းမရှိတာကြောင့်လည်း ဈေးတွေထက်တက်နေအုံးမယ်လို့ ပြောပါတယ်။

“အဓိက စီးပွားရေးလုပ်ငန်းရှင်အများစုကလည်း ဒီကာလမှာ စီးပွားရေးလုပ်လို့ အကောင်းဆုံး။ ဒီရွေးကောက်ပွဲတွေ ဘာတွေမတိုင်ခင်မှာ သူတို့ကလည်း ဈေးကစားဖို့ကို လာဘ်ပေးပြီး ကြိုးစားမှာပဲ။ အဲဒီတော့ ဈေးကစားတဲ့သူတွေကလည်း လောလောဆယ်မှာ ကစားလို့ရသမျှကစားပြီး သူတို့ အကျိုးစီးပွားကို ရှာမယ်။ ဖမ်းတဲ့သူတွေကလည်း ဖမ်းဆီးတာတို့ အရေးယူတာတို့ကို သေချာမလုပ်ဘူး လာဘ်စားမယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ ဈေးကစားမှုကြောင့်တက်တာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီက တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူ အများစုဟာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူတွေသာဖြစ်ပြီး အဓိကလုပ်ကိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေကို မဖမ်း ဆီးရင် ဈေးကစားတာတွေ မပပျောက်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဇန်နဝါရီပထမပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၄၃၀၀ ဝန်းကျင်မှ လက်ရှိကျပ် ၄၇၀၀ ဝန်းကျင်၊ ထိုင်းဘတ်ငွေကလည်း တစ်ဘတ်ကို ကျပ် ၁၂၀ ဝန်းကျင်ကနေ ကျပ် ၁၄၀ ဝန်းကျင်ထိ မြင့်တက်လာတဲ့အပြင် တခြားနိုင်ငံခြားငွေ ဈေးနှုန်းတွေလည်း မြင့်တက်နေတာပါ။

စစ်ကောင်စီဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေဖို့နဲ့ ဈေးကစားမှုမဖြစ်အောင် သွင်းကုန်လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးတာ၊ နိုင်ငံခြားကို ဆေးကုတာ၊ ပညာတော်သင်သွားတာ၊ ဘုရားဖူးသွားတာနဲ့ အလုပ်အ ကိုင်ကိစ္စနဲ့ ထွက်ခွာမယ့်သူတွေအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်က ထုတ်ပေးထားတဲ့ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးတွေကို ဝယ် ယူ၊ ရောင်းချ၊ လဲလှယ်တာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူတာတွေ အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.