မော်လမြိုင် ၊ ဇန်နဝါရီ ၁၄
ပြင်းထန်လာနေတဲ့ စစ်ရေးပဋိပက္ခအောက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မွန်ပြည်နယ်မှာ ၂၀၂၄ တစ်နှစ်အတွင်း သတ်ဖြတ်ခံရသူ ၁၄၄ ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၃၆၀ ကျော် ရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။
သတ်ဖြတ်ခံရသူအများစုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၂၇၀ ကျော်ရှိခဲ့တယ်လို့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ မွန်ပြည်တလွှားက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအစီရင်ခံစာမှာ ဖော်ပြထားတာပါ။
အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးလည်း ပါဝင်ပါတယ်။
ထိခိုက်သေဆုံးခဲ့ရတဲ့ ကလေးသူငယ်အများစုဟာ လက်နက်ကိုင်တိုက်ပွဲတွေအားကောင်းတဲ့ကျိုက် ထို၊ ဘီးလင်း၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တို့ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်အနှံ့ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၁၉၀ နီးပါးရှိခဲ့တဲ့အတွက် ၁၀ မြို့နယ်ထဲက ကျိုက်ထိုမြို့နယ်ဟာ အများဆုံးဖြစ်ပွားခဲ့ပြီး ကျိုက်မရောမြို့နယ်ကတော့ ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်က ဆိုပါတယ်။
တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကလည်း မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း ၄၂ ကြိမ်ရှိခဲ့ပြီး ကျိုက်မရောမြို့နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အလုံးပေါင်း ၆၃၀ ကျော် ထိခိုက်ပျက်စီးပြီး ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ အလုံးပေါင်း ၁၂ ခုကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-La Gon Aein