တနင်္သာရီ၊ ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာနဲ့သံတိုက်ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ပကဖတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တကူကျေးရွာကို တစ်ကြိမ်၊ မနက် ၉ နာရီခွဲအချိန်လောက်မှာ သံတိုက်ကျေးရွာထဲကို တစ်ကြိမ်၊ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်သွားတာပါ။
ဗုံးကြဲခံရတာကြောင့် တကူကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ပါတယ်။
သံတိုက်ကျေးရွာ ဗုံးကြဲမှုမှာ ကုန်စိမ်းဈေးနဲ့ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဈေးလာတဲ့ အသက် ၂၀ ကနေ ၄၀ အကြား အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တာပါ။
မြိတ်ခရိုင် ပကဖတာဝန်ခံက စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုဟာ လူစည်ကားရာနေရာတွေကို ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်သွားတာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ အဲဒီကျေးရွာနှစ်ရွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ကျေးရွာအတွင်း သွားလာသူတွေ မရှိသလောက် နည်းပါးသွားပြီး အများစုဟာ ထပ်မံဗုံးကြဲခံရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာပါ။
အလားတူ ဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ် ကွက်တွေရှိရာ ကျေးရွာနှစ်ရွာကို လေယာဉ်နဲ့ဗုံးကြဲသွားတာကြောင့် ဒေသခံပြည်သူ ရှစ်ဦးထက်မ နည်း သေဆုံးထားပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာအထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၄၀၂၀ ကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၄၀၀ ကျော်နဲ့ သေဆုံးသူ ၂၂၅၀ ကျော်အထိ ရှိလာခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ