ကျိုက်ထို၊ ဇန်နဝါရီ ၁၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအ ခြေစိုက် စစ်ကောင်စီတပ်စခန်းက တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်ရာကနေ ကျေးရွာအတွင်း ရှိ ကွက်သစ်ပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နတ်ကြီးကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်း၊ အသက် ၂၈ နှစ်အရွယ် တူမဖြစ်သူ မသဲအိစိုးတို့နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ်ဒေသခံအမျိုးသမီးသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့မှာလည်း ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ငှက်ပျောတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကြောင့် ငှက်ပျောတောကျေးရွာနေ ဒေါ်နော်အေးမှာ ဘယ်ဘက်မေးရိုးလက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးသွားတဲ့အတွက် ငွေကျပ် ၆၅ သိန်းနဲ့ ရွှေ ၇ ပဲ မီး လောင်ပျက်စီးခဲ့တာပါ။
KNU သထုံခရိုင် အတွင်းရေးမှူး စောအေးနိုင်ကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အရပ် သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့တိုင်းနီးပါး လက်နက်ကြီးပစ်ခတ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU