ဝါရှင်တန်၊ ဇန်နဝါရီ ၁၃
ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ဖမ်းဝရမ်းထုတ်မှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်က မဲခွဲဆုံး ဖြတ်လိုက်ပါတယ်။
တရားရုံးအဖွဲ့ဝင် မဟုတ်တဲ့ အစ္စရေးအပါအဝင် အမေရိကန်နိုင်ငံသားတွေနဲ့ မဟာမိတ် နိုင်ငံသားတွေကို စုံစမ်း စစ်ဆေးမှု၊ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ တရားစွဲဆိုမှုတွေမှာ ပါဝင်တဲ့ နိုင်ငံခြားသားတွေကို အရေးယူ ပိတ်ဆို့မယ့် တရားရုံးရဲ့ တရားမဝင်တဲ့ လုပ်ရပ်ဆိုင်ရာ အက်ဥပဒေကို လွှတ်တော်အမတ် ၂၄၃ ဦးမှာ ၁၄၀ က ထောက်ခံခဲ့ကြတာပါ။
အဲဒီဥပဒေကြမ်းကို ထောက်ခံတဲ့ ရီပက်ဘလေကန် လွှတ်တော်အမတ် ၁၉၈ ဦးရှိပြီး ဒီမိုကရက် လွှတ်တော်အမတ် ၄၅ ဦး ရှိခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းကို ရီပက်ဘလေကန် လွှတ်တော်အမတ် တစ်ဦးကမှ ကန့်ကွက်ခဲ့တာ မရှိပါဘူး။
မိမိတို့ရဲ့ ကြီးကျယ်တဲ့ မဟာမိတ် အစ္စရေးနိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ဖမ်းဆီးဖို့ တရားမဝင်တဲ့ တရားရုံးက ဖမ်းဆီးရေး ကြိုးပမ်းမှုကြောင့် ဒီဥပဒေကို အတည်ပြုလိုက်တာဖြစ်တယ်လို့ လွှတ်တော်ရဲ့နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ရီပက်ဘလေကန် လွှတ်တော်အမတ် ဘရိုင်ယန် မတ်စ်က ပြောဆိုပါတယ်။
လွှတ်တော်အသစ်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ နေရာယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် မဲခွဲမှုမှာ ဒေါ်နယ်ထရန့်ရဲ့ ရီပက်ဘလေကန်ပါတီဝင်တွေက အစ္စရေးအစိုးရကို အခိုင်အမာ ထောက်ခံကြကြောင်း အခု မဲခွဲမှုက မီးမောင်း ထိုးပြနေပါတယ်။
အခုအချိန်မှာ ရီပက်ဘလေကန်တွေဟာ အမေရိကန် လွှတ်တော် နှစ်ရပ်လုံးကို ထိန်းချုပ်ထားတာကြောင့် ရီပက်ဘလေကန်တွေ စိတ်ကြိုက် ဥပဒေတွေ နောက်ထပ် ထွက်ပေါ်လာဖို့လည်း ရှိနေပါတယ်။
စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေခဲ့ရတဲ့ အဲဒီဥပဒေကြောင့် ထိခိုက် နစ်နာသူတွေရဲ့ တရားမျှတမှုနဲ့ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့ ICC က ပြောပါတယ်။
မိမိတို့ တရားရုံးအနေနဲ့ တရားရုံးကို ဖြစ်ဖြစ် တရားရုံး အရာရှိများကို ဖြစ်ဖြစ် ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့လုပ်ရပ် မှန်သမျှကို ရှုတ်ချကြောင်း ICC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မကြာမီ သမ္မတဖြစ်လာတော့မယ့် ထရန့်ရဲ့ ပထမ အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်က ICC အပေါ်ကို အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့ဖူးပါတယ်။
အဲဒီ အရေးယူ ပိတ်ဆို့မှုတွေကို လက်ရှိသမ္မတ ဘိုင်ဒန်အစိုးရ လက်ထက်မှာ ပြန်လည် ရုတ်သိမ်းပေးခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နောက်ထပ် အရေးယူ ပိတ်ဆို့နိုင်ရေး လွှတ်တော်နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် မေလက ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref:Reuters