နမ့်ခမ်း၊ ဇန်နဝါရီ ၁၁
တော်လှန်ရေးအင်အားစုတွေ အားလုံးစုပေါင်းရုန်းကန်ပြီး တော်လှန်အရေးအရှိန် အမြင့်ဆုံးလွှင့် တင်ကာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်ခါကောင်းဖြစ်တယ်လို့ ပလောင်ပြည် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တအာင်းပြည်နယ်ရှိ PSLF ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပပြုလုပ်ခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ စစ်အာဏာရှင်စနစ်ဆိုးကို ချေမှုန်းတိုက်ခိုက်နေတဲ့ တော်လှန်ရေးအခြေအ နေ၊ တစ်နှစ်တာလုပ်ငန်းတွေ ပြန်လည်သုံးသပ်တာနဲ့ ပြင်ဆင်တာတွေ ပြုလုပ်ခဲ့ပြီး တအာင်းတပ်မ တော်ကို တပ်မဟာ ၉ ခုနဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါအပြင် တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် မြို့ ၁၈ မြို့ ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့ဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့ ၁၂ မြို့အပါအဝင် တအာင်းတပ်မတော် အခြေ စိုက်ထားတဲ့ နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို တာဝန်ခံမှုရှိစွာ ဦးဆောင်အုပ်ချုပ်သွားမှာဖြစ်ပြီး ဒေသခံမိဘပြည်သူတွေပါဝင်မယ့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်စေဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာ နေအိမ်အဆောက်အအုံလုပ်ငန်းတွေ စွန့်လွှတ်ပေးဆပ် ပျက်စီးခဲ့ကြတဲ့ မိဘပြည်သူတွေ၊ တအာင်းတပ်မတော် တပ်ဖွဲ့ဝင်အားလုံးရဲ့ ဘဝပြန်လည်ရှင်သန်ထူထောင်ရေးနဲ့ လုံခြုံအေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောင်နိုင်ဖို့အတွက် တအာင်းပြည် တွင်းရှိ လူမျိုးပေါင်းစုံ လက်တွဲတည်ဆောက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA