ရမ်းဗြဲ၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၂၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်နီမော်ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်နီမော်ကျေးရွာ ရွာတောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နဲ့ မြောက်ပိုင်းရပ်ကွက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ကျွမ်းကာ နေအိမ် ၃၉၈ လုံး မီး လောင်ပြာကျခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂၆ သေဆုံးခဲ့ပြီး အသေးစားနဲ့ အပြင်းစားဒဏ်ရာရရှိသူ စုစုပေါင်း ၂၇ ဦးရှိကာ အလောင်းရှာမတွေ့သေးဘဲ ပျောက်ဆုံးနေသူတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ဒေသမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေး၊ လမ်းတံ တားနဲ့ လူနေရပ်ကွက်တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကို သူရဲဘောကြောင်စွာ နေ့စဉ်နဲ့အမျှ ပြုလုပ်နေပြီး စစ်ရာဝတ်မှုကို ကျူးလွန်နေတယ်လို့ AA က ဆိုပါတယ်။

ရခိုင်ပြည်နယ်က အရပ်သားသေဆုံးမှု သတင်းတွေကြောင့် လူသားချင်းစာနာ ထောက်ထားမှု ကူညီပေးနေတဲ့ အသိုင်းအဝိုင်းအတွက် အလွန်စိုးရိမ်ထိတ်လန့်မှု ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.