ဘန်ကောက်၊ ဇန်နဝါရီ ၉

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာအကြံပေးထားတဲ့ အတိုင်း ထိုင်းအစိုးရက လျှပ်စစ်မီတာခ လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြောင်း လက်ထောက်ဝန်ကြီးချုပ် ပီချိုင် ချွတ်ဟာ ဗာဂျီရာက ပြောကြားလိုက်ပါတယ်။

ယခုနှစ် လာမယ့်နှစ်ကုန်ပိုင်းမှာ လျှပ်စစ်မီတာ တစ်ယူနစ်ကို ဘတ် ၃ ဒဿမ ၇၀ နှုန်းအထိ လျှော့ချဖို့ အစိုးရက ရည်ရွယ်ထားကြောင်း ဖူထိုင်းပါတီ ခေါင်းဆောင် သက်ဆင်က ချင်းရိုင်ပြည်နယ်ရှိ မဲပေးသူတွေကို ပြောကြားခဲ့တယ်လို့ လက်ထောက်ဝန်ကြီးချုပ် ပီချိုင်က ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်တဲ့ ပီချိုင်က ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မဆွေးနွေးရသေးတာကြောင့် နောက်ထပ် အသေးစိတ်ကို မှတ်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

အခု ဇန်နဝါရီလက စတင်ပြီး ဧပြီလအထိ အိမ်ထောင်စုတွေရဲ့ လျှပ်စစ် ဓာတ်အား သုံးစွဲမှု ကုန်ကျစရိတ်ဟာ တစ်ယူနစ်ကို ၄ ဒဿမ ၁၅ဘတ် ဖြစ်မယ်လို့ ပီချိုင်က ဇန်နဝါရီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြည်သူတွေရဲ့ စားဝတ်နေရေး ကုန်ကျစရိတ် မြင့်တက်နေမှုကို လျှော့ချဖို့ အစိုးရက လျှပ်စစ်မီတာ တယူနစ်ကို ၄ ဘတ်အောက်အထိ လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက လျှပ်စစ်မီတာခကို တစ်ယူနစ် ၃ ဒဿမ ၇၀ ဘတ် အထိ လျှော့ချဖို့ ဖြစ်နိုင်ကြောင်း အစိုးရရဲ့ ထိပ်တန်း ဦးစားပေးကိစ္စ ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်မှာ ပြောကြားထားတာပါ။

နိုင်ငံတွင်းမှာ LNG ဓာတ်ငွေ့အရည်စျေးနှုန်းတွေဟာ ၂၀၂၅ ခုနှစ်ရဲ့ စောစောပိုင်း လတွေမှာ ဆက်လက် တည်ငြိမ်မယ်လို့ ခန့်မှန်းရကြောင်း ထိုင်း လျှပ်စစ်ဓာတ်အားပေးရေး အာဏာပိုင် အဖွဲ့က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.