မော်လမြိုင်၊ ဇန်နဝါရီ ၇

လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ နီးပါး ပါဝင်တယ်လို့ စစ်ကောင်စီပြောဆိုပေမယ့် မြေပြင်မှာတော့ ၃၀၀ ကျော်လောက်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဇန်နဝါရီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုသူတွေထဲမှာ နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံအရေးအကျဉ်းသား ၆၀၀ နီးပါး ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် PPNM က နိုင်ငံအတွင်းရှိ အကျဉ်းထောင် ၄၀ ကျော်ကို စောင့်ကြည့်စာရင်းကောက်ယူခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၂၀၈ ဦး၊ အကျဉ်းသူ ၁၃၁ ဦး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦးသာ လွတ်မြောက်လာခဲ့တာပါ။

PPNM ရဲ့ အချက်အလက်တွေအရ လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေထဲမှာ ရာခိုင် နှုန်းအနေနဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ရာခိုင်နှုန်းသာ ပါဝင်တာပါ။

PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက စစ်ကောင်စီ ပြောဆိုချက်ဟာ မြေပြင်အခြေအနေနဲ့ အများကြီး ကွဲလွဲမှုတွေရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုအရ စစ်ကောင်စီထုတ်ပြန်တဲ့ အရေအတွက်ထက်များစွာ လျော့နည်းတာကို တွေ့ရှိရပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်း ဖုံးကွယ်ဖို့အတွက် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ တနိုင်ငံလုံးက အကျဉ်း ထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းတွေမှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ၊အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.