ကော့ကရိတ်၊ ဇန်နဝါရီ ၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်တန်းပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြားနှစ်ဖက်စစ်ရေးပြင်းထန်နေချိန် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တို့မှာ စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဒေါနတောင်တန်းပေါ်က အာရှလမ်းမကြီးနဲ့ ကော့ကရိတ်မြောက်ဘက် ဒေါနတောင်လမ်းဟောင်းအနီး ရန်ကုတ်ကျေးရွာမှာ ရောက်ရှိနေကြတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းတို့နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလအစောပိုင်းရက်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

ဒေါနတောင်တန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ထံ အလံဖြူလက်နက်ချအလင်းဝင်ရောက်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေါနတောင်တန်းပေါ်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အောင်ဇေယျစစ် ကြောင်းဟာ တော်လှန်ရေးအင်အားစုအဖွဲ့တို့ရဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် ရှေ့ဆက်တိုးလို့မရတဲ့အပြင် နောက်ပြန်ဆုတ်လို့မရဘဲ ပိတ်မိနေကာ စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ KNU ဒူးပလာယာခရိုင်က အသိပေးထုတ်ပြန်ပါတယ်။

ဒီလို စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်တန်းပေါ်မှာ စစ်ရေးအရ အရေးမလှဖြစ်နေတဲ့အချိန် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့တို့ကို တော်လှန်ရေးအင်အားစုအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်ဟာ လုံခြုံရေးတိုးမြှင့်ထားပြီး ခံစစ်အတွက်လည်း ပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ကြားမှာ စစ်ကောင်စီတပ်ရဲ့ စကခ ၁၂ ဌာနချုပ်ရှိသလို ကျုံဒိုးစစ်ဗျူ ဟာအပြင် တပ်ရင်း ၃ ရင်းလည်းရှိပြီး တော်လှန်ရေးအင်အာစုးအဖွဲ့က ဝင်ရောက်တိုက်ခိုက်လာပါက ကြိုတင်ခုခံနိုင်အောင် ခံစစ်ကို မြို့အဝင်အထွက်နေရာတွေနဲ့ တပ်ရင်းဌာနချုပ်ပတ်လည်နေရာတွေမှာ ပြင်ဆင်ထားပြီး စစ်ကောင်စီတပ်နဲ့ ရဲမိသားစုဝင်အချို့ကိုလည်း ရွှေ့ပြောင်းတာတွေ လုပ် ဆောင်နေတယ်လို့ အဲဒီသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ KNU တပ်မဟာ ၆ နယ်မြေထဲက ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးပြီး နှစ်ဖက်စစ်ရေးအ ပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က မြို့မကျရေးအတွက် လေ ကြောင်းကိုအသုံးပြုပြီး အသည်းအသန်ခု ခံကာကွယ်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီးနောက် ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ထဲ စစ်ကြောင်း ပြန်လည်ထိုးဖောက်ဝင်ရောက်လာခဲ့ပေမယ့် မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.