တနင်္သာရီ၊ ဇန်နဝါရီ ၆
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ပင်လယ်ကမ်းစပ်တစ်နေရာမှာ စစ်ကောင်စီ ရိက္ခာ ဆန်အိတ် ၃၀၀၀ နီးပါး သယ်ဆောင်လာတဲ့ စက်လှေတစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်နဲ့ အခြားရိက္ခာပစ္စည်းတွေ သယ်ဆောင်လာတဲ့ မြတ်သီရိအောင် အမည်ရှိ စက်လှေတစ်စီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ KNU တပ်မဟာ ၄ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၁ က သိမ်းဆည်းရမိခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ရိက္ခာတွေ သယ်ဆောင်လာတဲ့ အဲဒီစက်လှေဟာ ဘုတ်ပြင်းမြို့နယ် ရွှေဂဲညိုကျေးရွာ ပြည်သူ့ခေါင်းဆောင် ဦးရှိန်ညွန့်နဲ့ အဆက်အသွယ် ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဆန်နဲ့ ရိက္ခာခြောက်တွေ သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထံ သံလွင်တိုင်းမ်က အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဟိန္ဒူးချောင်းအနီးမှာ ဆန် ၆၈ အိတ်၊ ဆီနဲ့ စာသောက်ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကားတစ်စီးကို KNU တပ်မဟာ ၄ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KKL