လောင်းလုံး၊ ဇန်နဝါရီ ၆
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သလို တပ်ရင်မှူးအပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုထံက သိရပါတယ်။
ကျောက်နီမော်ကျေးရွာမှာရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းသုံးခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်အစောပိုင်းကစပြီး ဝင်ရောက်တိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ကျောက်နီမော်တိုက်ပွဲဟာ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သလို တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကြည်း၊ ရေ၊ လေ အင်အား အများအပြားသုံးပြီး ခုခံခဲ့တာ ဖြစ်ပါတယ်။
ငါးရက်အကြာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အပြင်းအထန် ခုခံခဲ့ပေမယ့် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီရဲ့ ရေခဲစက်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စီးနင်းနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးနဲ့ ပျူစောထီးတစ်ဦးကို သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့ပေမယ့် အဲဒီနေ့ ညပိုင်းမှာပဲ သေဆုံးခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်နီမော်တိုက်ပွဲအတွင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကြည်း၊ ရေ၊ လေ အင်အားအများအပြားနဲ့ ကျောက်နီမော်ကျေးရွာကနေ ရှင်မော်အထိ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်ခရိုင် တပ်ပေါင်းစု